လရဲ့ တစ်ဘက်ခမ်း

သက်တမ်းတစ်ဝက်ကျော်မှတော့ လိင်စွဲဆောင်မှုဆိုတာ
ဝင်ငွေမရှိတဲ့ စိတ်ပျက်အားငယ်မှုနဲ့ အားတင်းခံပြင်းမှုကြား
ခနော်နီ ရွဲ့နေပြီး ခြေနင်းတော်တော်များများပွင့်ဟနေတဲ့
ချောက်ကမ်းပါးကြိုးတံတားပဲ။

အဲဒီရေလက်ကြားထဲ ယုံကြည်မှုအပြည့်အ၀စစ်သင်္ဘောကအစ
ဖွတ်ချပ်သမ္ဗာန်တွေရဲ့ `အချီကြီးအောင်ပွဲခံ´ စိတ်ထားသေးနုပ်လေးတွေ
ကုန်းမြေက ဒေသခံရွာလေးတွေကိုပါ
အမြောက်ပစ်လေ့ကျင့်ခန်းထဲ မီးလောင်တိုက်သွင်းခဲ့ကြတာ။

ဘ၀ဆိုတာကို များသောအားဖြင့်
လေးဘက်ထောက်ဖင်ဘူးတောင်းထောင်ပြီး
နံရံကို သွားတွေ ၊ လက်သည်းတွေနဲ့ ကုတ်ခြစ်တက်ခဲ့ရတာ
ထိပ်ရောက်တော့ဘာရသလဲ ၊ နောက်ထပ်နံရံတစ်ခုရှေ့မှောက်မှာ

မြေဆွဲအားသက်သေမြေနင်းပန်းသီးရင်သားတွဲကျတွေ
အပြင်ကို လုံးလုံးလန်ထွက်နေတော့တဲ့ ယခင်ခြုံထဲက ပန်းတစ်ပွင့်
မြစ်ဝမှာ ကျွန်းပေါ် ၊ မြစ်ကြောင်းမှာ သောင်ထွန်း
မယုံနိုင်အောင်ပဲ ကိုယ့်ခန္ဓာကိုယ်မသတီဖြစ်ရ။

မချွတ်ခင်အယဉ်ကျေးဆုံးအနူးညံ့ဆုံးရွှေမင်းသားတွေ
နန်းမင်းသားတွေ ၊ ငွေမင်းသားတွေ ၊ စင်မင်းသားတွေ . . .
ချွတ်ပြီးတကယ်ကိုက်ကြတဲ့ ဆပ်ကပ်ကလောင်းတွေ
ယောက်ျားကောင်းတစ်ထောင် မောင်းမတစ်ယောက်ပေါ့။

ယဉ်ကျေးမှုရဲ့ ကိုယ်လုပ်တော်။
တစ်ကိုယ်လုံးမှာ လှရာသာရွေး
အညိုကွက်တွေ . . . အမည်းကွက်တွေ
အမှတ်ရမှုရဲ့ အရောင်တွေ။

ခေတ်က `ဟေး´ခေါ်လိုက်လို့
ငါ့ဘ၀ချွတ်ပွဲကြီးစခဲ့တာလား
ငါ့ကိုပေးဝတ်ခဲ့တဲ့ ခွန်နှစ်လွှာဟာ
ငါ့ကို တစ်လွှာစီချွတ်သွားတယ်
`ဟေး´ သံတွေ ၊ `ဟဲ´သံတွေ ၊ ပြီးဟောက်သံတွေ။

ဇာတ်ညွှန်းအတိုင်းအပီအပြင်အသုံးတော်ခံခဲ့
ပီပြင်လွန်းလို့ အောင်မြင်ခဲ့တယ်။ အခုဇာတ်ညွှန်းပြောင်းသွားပြီ။
ငါ့ဘ၀အောက်ပိုင်းဟာ
အောင်မြင်တဲ့ သရုပ်ဆောင်အဆင့်မှာ ဖြတ်တိုက်ခံလိုက်ရတယ်။

`ပင်ကိုယ်သဘာဝအတိုင်း´၊`အနုပညာဗီဇအတိုင်း´
သူတို့ဆိုလိုတာ (လိုချင်တာ)က `မိမွေးတိုင်းဖမွေးတိုင်း´
အရေပြားမှာပဲ သူတို့စခန်းချသွားခဲ့ကြတယ်
စပမ်းကျခဲ့တဲ့အကွက်တိုင်းမှာ သူတို့အလံတွေစိုက်ထူလို့။
ယောနိနံရံမှာ ဂရာဖီတီတွေရေးသွားသလို။

မိတ်ကပ်ဗူးထဲက အက်ကြောင်းဟာ မျက်နှာရဲ့ပုံရိပ်ပဲ။
ဆာဂျရီလုပ်မယ် ၊ ဆီလီကွန်ထိုးမယ်
စိတ်ထဲက ဆံပင်ဖြူတွေ ငယ်မူငယ်သွေးဆိုးလိုက်မယ်
အလှခေတ်တစ်ခုထုဆစ်ခဲ့တဲ့ ဒီခန္ဓာ။

အရင်တစ်ခါ ကာလသားတွေနဲ့
ရင်နှစ်မွှာ ကာလခြားခဲ့လေပြီလား။

`သဲရေ´`သဲရေ´ လို့သူတို့သွားရည်ယိုခဲ့သမျှ
ခဲလေသမျှခဲ ၊ ဆွဲလေသမျှဆွဲ . . . အပြီး
ပဲကြီးရေစိမ်လို ပွပြဲလန်။ ပွဲခံကျော့ကျော့။

ငါ့မျက်နှာပေါ့
အခြားမျက်နှာတွေရဲ့ / အတွက် မူလတက်စ်တ်ဖြစ်ခဲ့တယ်
Half – blue ၊ Total – blue ၊ Black comedy blue
True blue ။ ခေတ်ရဲ့ ခရစ်တစ်ကလ်သီအိုရီ ၊ အဆောက်
အအုံလွန်မျက်နှာ ဒီဆီလီကွန်စထရပ်က်မှု။

အာဗွန့်ဂါ့ဒ်တို့ရဲ့ သွားရာတွေ
ငါ့တစ်ကိုယ်လုံးမှာ
အဓိပ္ပါယ်ရဲ့ အဓိပ္ပါယ်ရဲ့ အဓိပ္ပါယ်ရဲ့ အဓိပ္ပါယ်တွေ။
ပသို့ဆိုစေ။ သွားရာတွေ။ ရဲ့ ။ အဓိပ္ပါယ်တွေ။

ဖန်တဆီဟာ ဆန္ဒရဲ့ အာခြောက်ငတ်မွတ်အချိုရည်ပဲ။
ရေချိုးခန်းတံခါးပိတ် ၊ တစ်စမကျန်စိတ်တုံးလုံးချွတ် ၊
အေးစက်တဲ့ ကြမ်းပြင်ပေါ်ဖင်ထိုင်ချ
ဘယ်ဘက်လက်ကောက်ဝတ်ကို ညာလက်မနဲ့ ပွတ်ချေပြီး
လှီးပစ်လိုက်တဲ့
ပမ်းပမ်းထွက်လာတာကို ကြိုက်ကြတဲ့
သုံးစွဲသူတိုင်းအသည်းစွဲကြတဲ့
မေဘရဏီဘာဘီဒေါလ်။

အဲဒါသမီးပေါ့။

ယင်ဖိုမသန်းဖူးတဲ့ ဖူးငုံပါးစပ်
သန်းဖို့အဟမှာ အသက်ပါလုရှူရင်း
လည်မြိုနင်သံစုံတေးသီအောင်ကျူးခံခဲ့ရတာအစပေါ့။ ။

ဇေယျာလင်း
17 – Aug – 12

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>