ရှော့ပင်းစင်တာရဲ့ နောက်ခံဂီတနဲ့

(ဒီးန် ယန်းဂ်ကို မှီး၍)

ငါဟာ အင်တာနက်ဖြစ်တယ် ဒါဟာ ပက်ကျိတွေရဲ့ ဖွဲ့ဖြိုးတိုးတက်မှု
ငါဟာ ဖွင့်လိုက်တဲ့ တံခါးအိုကြီးဖြစ်တယ် ငါ့ရှေ့မှာပက်ကျိတွေရဲ့ ပျော်မြူးသံ
ဘယ်ဥာဏ်ကြီးရှင်လဲ ၊ လမ်းမရှိပဲ ပက်ကျိခွံတင်သွင်းခွင့်တွေ သစ်လွင်ပိတ်ဆို့
ငါဟာ လက်တွေ့ကျသူအဆိုးမြင်ဝါဒီပုဆိန်တံဆိပ် ပရုတ်ဆီရိုးသစ်ဖြစ်နေမလားဒါဟာ . . . .
ငါဟာလူကြီးမင်းဖြစ်တယ် ဒါဟာလိုင်းမကောင်းတဲ့ ဖုံးတစ်လုံး `မတပ်ဆင်ရသေးပါ´တဲ့
ငါဟာ သတင်းစာသမားပဲ ဒါဟာ မူဝါဒဟောင်းတွေရဲ့ ငါ့ပါးစပ်မှာ လျှာနာခွာနာ
ငါဟာ ငြိမ်းချမ်းရေးဆုဖြစ်တယ် ဒါဟာ စစ်ဘေးဒုက္ခသည်စခန်းတွေပေါ်သာတဲ့လ
မြေကွက်အပိုအလျှံလေးများရှိသေးလား ဒါဟာ ပိုင်ဆိုင်မှုပြန်လည်ရေးဆွဲပြီးသားမိတ္တူ
ဘယ်သူတွေပိုင်ဆိုင်မှုပြရမယ် ငါဟာ ပင်လယ်ဝမှာ စတေးရှောင်နေတဲ့ ကုန်တင်သင်္ဘောဖြစ်တယ်
ငါဟာ လွှတ်တော်မှာ တင်ပြဖို့ ဆူးချွံမေးခွန်းဖြစ်သလား ဒါဟာဝမ်းဗိုက်ဖေါက်ခံပြုန်းတီးတောပဲ
ဒါပေမယ့် ၊ ဆရာကြီးခင်္ဗျား ၊ ပက်ကျိတို့ထုံး နှလုံးမူ၍ တစ်နေ့တစ်လံ တစ်ဂါလံဘယ်မရွေ့
အချိန်ဟာ တိုင်ပတ်နေတယ် အစာအိမ်ဟာလည်း ပင်လယ်ကမ်းခြေ ၃ – ၄ ကွက်စာ
ငါဟာတက်သစ်စ ဗီဒီယိုမင်းသမီးလေးရဲ့ မပြုမပြင်ရင်သားပျော့ပျော့လေးတွေဖြစ်တယ်
စပွန်ဆာရှိတဲ့ ငါ့လယ်ကွက်ဟာ သီးထပ်သီးညှပ်အောင်မြင်တယ်။ `ကြိုက်တယ် . . . ကြိုက်တယ်´
ဒါဟာ ငါ့လွတ်လပ်ခွင့် ၊ လပ်လွတ်ခွင့်လို့ ကြားလိုက်သလားလို့။ ဟေ . . . ဒို့အမျိုးသားတိုင်းပြည်
ဒါဟာ ငါ့ရဲ့ အိပ်ရင်းလမ်းထွက်လျှောက်တဲ့စကားပဲ။ ဆိုဗီယက်မှာ ဆိုငါဟာ အရူးထောင်
ငါဟာခြစားတဲ့တောင်ပို့ ၊ ဖွတ်ထွက်မှ ဒွေးတော်လွမ်း ၊ ဖထွေးရဲ့ အနမ်းတွေအငမ်းမရ
ကုန်ပြီ ၊ ကုန်ပြီ ၊ အမေရေ ၊ ရှိသမျှတွေကုန်ပါပြီ ဒွာရအားလုံးမှာ သူ့ဘူဒိုဇာ
သတိထားမှပေါ့ကွယ် ၊ ပရိုဂရမ်သွင်းထားတာ သွေးသွင်းတာမှမဟုတ်တာပဲ

ငါဘယ်ရောက်နေပါလိမ့် ငါဘယ်ရောက်နေတာခေတ်သစ်ပဲ Road map ဩော် . . . ငါဘယ်သူလဲ
တစ်လမ်းသွားမဟုတ်တော့ဘူး ဂငယ်ကွေ့မဟုတ်ဘူး ၀လုံးကလေးဝိုင်းဝိုင်းရေး . . .
ငါဟာလက်သီးလက်မောင်းပဲ ငါ့လက်နဲ့ မောင်းတာတွေဟာ ငါ့လက်မှာ သီးနေတာတွေ
ဘယ်သူလာလာစားပေါက်ပဲ ပက်ကျိတွေရဲ့ အပေါင်းအပါပြာကိုလည်း အလျဉ်မီရောင်းရမယ်
ပြန်လည်ဖွံ့ဖြိုးရေးတွေ ၊ ပြန်လည်တည်ဆောက်ရေးတွေ ၊ ပြန်လည်နေရာချထားရေးတွေ
ခြေတုလက်တုတပ်စင်ပွဲမှာ ငါလက်ခုပ်တုနဲ့ တအားပြန်လည်အားပေးတာပဲ
အဝေးသင်ပညာရေးနဲ့ ပညာရဲ့ အဝေးမှာ ငါဟာ ပမာသူဖုန်းစားပမာဒေသခံ
ရုပ်သေးဆရာက စေတနာနဲ့သင်ပေးတယ် သူကြိုးရှုပ်ရင် ငါ့ကိုနင်းရိုက်တယ်
ငါ့ကိုငါ မုန်းနေတာကို ငါမုန်းတယ် ဒါဟာပေါက်တဲ့ နောက်ဆုံးပေါ်ခိုးကူးခွေ
`အဟင့် . . . ကြိုက်တယ် ၊ ကြိုက်တယ်´ ငါဟာ စကတ်တိုစိတိုနံ့အောက်က
ပေါင်တံဖွေးဖွေးပေါ့။ ကွန်နက်ရှင်ကောင်းရင်ကားပေါ်ဆွေ့ကနဲ
အဓိကက လမ်းကြောင်းမှန်ဖို့ ၊ ခရင်မ်များများလိမ်းဖို့ ၊ ဆင်စားရင်လမ်းဖြစ်တယ်
ဒီဇာတ်ဝင်ခန်းမှာ ဗိုလ်ချုပ် ၀ိဥာဉ်ဝင်စေ
`ဟင် ၊ ဒါဟာ ငါအသက်ပေးခဲ့တဲ့ တိုင်းပြည်လား ၊ ငါသေခဲ့တာဘာအတွက်လဲ´
ငါဟာ ငွေထဲနစ်နေတဲ့ မြစ်ညီနောင်တွေရဲ့ စကားပြန်။ ၀မ်ဆွေ့ဝမ်ဆွေ့
ဒါဟာ သားအိမ်ထုတ်ထားတဲ့ ဒေသသုံးကုန်ပစ္စည်းဖြစ်တယ်
ငါဟာ လျှာလှီးခံထားရတဲ့ တွင်းထဲက ပညာယှိပဒတ်ဖြစ်တယ်
ဒါဟာ ငါ့ရဲ့ အသုံးမ၀င်တဲ့ အစီရင်ခံစာ ဘယ်သူမှ အလေးထားစရာမလိုဘူး
ငါဟာ ပင်ကိုယ်ဇာတ်မြူးပါ ဒါဟာ အားလုံးကို နေ့စဉ် အူလှိမ့်ရယ်စေချင်သူ
ငါ့ထဲဝင်လာမဆဲတသဲသဲ ၊ ထွက်သွားတဲ့ခါ တလျှပ်လျှပ်
တစစ်စစ်နဲ့ ကိုက်ခဲနေတာ နင်းကျိတ်ခံရတဲ့ နံရိုးပါ ( ဒါဟာ အစစ်တဲ့လား)
ငါဟာ ဇူလိုင် ၁၉ မှာ ကျိုးသွားတဲ့ နာရီလက်တံ ပြန်ပြန်ဖြစ်တယ်
ဒါဟာ စမ်းသပ်ခန်းထဲက နိုင်ငံရေးကြွက်ဖြူတစ်ကောင် ၊ မေ့ဆေးထိုးပြီးစ ။ ။

ဇေယျာလင်း
8 – Aug – 12

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>