ပရိုကယ်ရီအိုးတစ်က် –– နျူးကလီးယပ်စ်ဖွဲ့စည်းမှု စနစ်တကျမရှိတဲ့ ရှေးဦးဆဲလ်ရိုင်းတွေလို့ထင်ခဲ့ကြတယ်။ ကမ္ဘာအနှံ့အပြားမှာရှိတယ်။ တစ်ကမ္ဘာလုံးမှာရှိတယ်။ ကမ္ဘာကြီးစတင်ကတည်းက ရှိတယ်။ မိမိတို့ကိုယ်ခန္ဓာတွေဟာ သူတို့ငှားရမ်းနေထိုင်တဲ့ ကမ္ဘာလည်းဖြစ်တယ်။ ရှေးအကျဆုံးတွေ့ရှိတဲ့ ရုပ်ကြွင်းတွေဟာ သူတို့ရဲ့ မှတ်တမ်း။ အနက်ပြန်နေရတုန်းပဲ။
သမုဒ္ဒရာအောက်ဇီဝဓါတုမတော်တဆဖြစ်မှုလား။ နတ်ဘုရားတွေလား။ ဂြိုလ်သားတွေလား။ မဟာစကြ၀ဠာကြီးရဲ့ လျို့ဝှက်ရှေ့ပြေး ကင်းထောက်တွေလား။ ဖန်ဆင်းရှင်ရဲ့ စိတ်ကူးဥာဏ်သံတမန်တွေလား။
ချော်ရည်ပူပြစ်ထဲသူတို့ ရှင်သန်တယ်။ ရေခဲပြင်ကန္တာရအောက်မှာ သူတို့ကိုလိုနီတွေ။ ပင်လယ်အောက်သင်္ဘောပျက်ရဲ့ သံချေးတွေ သူတို့စားသုံးတယ်။ လေထုထဲအောက်စီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်သူတို့စွန့်ထုတ်တယ်။ ဇီဝမူလပထမ။ သက်ရှိတို့ရဲ့ မှော်အက။
အခြားဘက်တီးရီးယားတွေနဲ့ သူတို့ DNA ပြောင်းနိုင်တယ်။ သူတို့ရဲ့ အသွင်သဏ္ဍာန်တွေ ၊ ဖွဲ့စည်းမှုတွေပြောင်းနိုင်တယ်။ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်မှုရဲ့ ပုံပြင်တွေသူတို့ထုတ်လွှတ်တယ်။ ကမ္ဘာကြီးကို အဲသလိုပုံပြင်တွေနဲ့ မောင်းနှင်တယ်။ နို့ကို ဒိန်ခဲဖြစ်စေတယ်။ ချဉ်သိုး အောင်လည်းလုပ်နိုင်တယ်။
ဇီဝစက်မှုနည်းပညာရဲ့ အခြေခံကျွမ်းကျင်လုပ်သားတွေ။
ပဋိဇီဝပိုးသတ်ဆေးမှာ သူတို့လည်း တတပ်တအားဘက်တော်သား။
ယူကယ်ရီအိုးတစ်က် –– ကိုယ်အင်္ဂါအစိပ်အပိုင်းအမျိုးမျိုးဖြစ်လာစေမယ့် အဆောက်အအုံတွေ သူတို့လုပ်ယူလာကြတယ်။
အပင် ၊ အကောင် ၊ လူ ၊ အယူအဆ ၊ ဘ၀။
ဖန်ဆင်းရှင်ရဲ့ ၅ ရက်မြောက်မှာ နှုတ်ကပါဋ္ဌ်တော်
`ရှေ့ဆက်သွား ၊ ပွားများကြလော့´ ၊ သီအိုရီလက်တွေ့ပေါင်းစပ်မှုဓါတ်ပြု ပကတိ။
ဆဲလ်တွေဟာ `ဆိုးလ်´ တွေဖြစ်လာတယ်
ပရမာဏုမြူဇီဝ ကလပ်စည်းတွေကနေ
`၀ိဥာဉ် / ဓါတ်/ နက်ရှိုင်းခံစားမှုဝေဒနာ အနှစ်များစုစည်းတည်ရှိရာ´။
`ပြင်သစ်ရောဂါ´လို့ခေါ်တဲ့ ဆစ်ဖလစ် ၊ ငှက်ဖျားရောဂါဖြစ်စေတဲ့ `ပလပ်စ်မိုဒီယမ်´၊ ကွန်ပြူတာကို ဟက်တဲ့ ဗိုင်းရပ်စ်။
သူတို့ဟာ အမြဲရွေ့လျားသွားလာနေကြတယ်။ တစ်နေရာကနေတစ်နေရာ ၊ တစ်ဘက်တီးယီးရားကနေ တစ်ဘက်တီးယီးရား ၊ တစ်အ ဆောက်အအုံကနေ တစ်အဆောက်အအုံ၊ တစ်အယူဝါဒကနေ တစ်အယူဝါဒ ။ ရေကြည်ရာမြက်နုရာ ၊ တိုးတက်ရာ အဆင့်မြင့်ရာ ၊ ဖွံ့ဖြိုးရာ ပွင့်လင်းရာဆီ ရွှေ့ပြောင်းနေထိုင်တတ်ကြတယ်။
ဆဲလ်ဇီဝဗေဒပညာရှင်တစ်ယောက်ပြောဘူးတယ်
`ဆဲလ်တွေကိုလမ်းညွှန်တာရှိတယ်။ တစ်နေရာကနေ အခြားတစ်နေရာဆီ သွားလာစေတဲ့ ဓါတုပစ္စည်းတွေ။ အချို့ဓါတုပစ္စည်းတွေကို သူတို့ မကြိုက်လို့ရှောင်ကြတယ်။ သူတို့ကြိုက်တဲ့ ဓါတုပစ္စည်းဆီ သူတို့သွားကြတယ်။ သူတို့ရှိတဲ့ ခွက်ထဲ ၊ ပင်အပ်ဖျားမှာ ဓါတုပစ္စည်း တို့ပြီး ခွက်ထဲလိုက်ရွှေ့လိုက်ရင် သူတို့ အုံလိုက်ကြီး လိုက်လာတယ်´
သာမန်မျက်စိနဲ့ မမြင်ရတဲ့ ၀ိဥာဉ်တွေ ၊ ရုပ်တွေ။
ရည်ရွယ်ချက်ရှိတယ်။ ပျံကျတွေမဟုတ်ဘူး။
သူတို့ကိုယ်တိုင်ရဲ့ အရှိတရား။ သူတို့ကိုယ်တိုင်ဟာ အရှိတရား။
နှိုင်းဆလိုက်ရင် အလျော့တွက် အဓိပ္ပါယ်။
ကဗျာဟာ ဘာသာစကား(ရဲ့) ဘက်တီးရီးယားပဲ။
`ပရို´ မဟုတ်ဘူး ၊ `ယူကယ်ရီအိုးတစ်က်´တွေ
အဆင်မြင့်သက်ရှိဘာသာစကားဇီဝရုပ်တွေ။ ။
ဇေယျာလင်း
9 – Aug – 12