အွန်လိုင်းကဗျာကိစ္စအချို့

ရှေးတုန်းက ကဗျာကို ပေရွက်ပေါ်ကညစ်နဲ့ ရေးခြစ်ခဲ့ကြတယ်။ စက္ကူပြုလုပ်ခြင်းအတတ်ပညာ ပေါ်လာတော့ စက္ကူပေါ်မင်နဲ့ ရေးသား/ရေးဆွဲခဲ့ကြတယ်။ စက္ကူပေါ်သစ်သားဘလောက်တုံးတွေနဲ့ `ဘလောက်´ ပုံနှိပ်ပြုလုပ်ခဲ့ကြတယ်။ ပုံနှိပ်စက်ပေါ်လာတော့ စက္ကူပေါ် ပုံနှိပ်ထုတ်ဝေလာကြတယ်။ ဂက်စတက်တ်နာ ပေါ်လာတော့ ဂက်စတက်တ်နာ/ဖယောင်းလှည့်စက္ကူပုံနှိပ်ပေါ်လာတယ်။ ကွန်ပြူတာပေါ်လာတော့ ကွန်ပြူတာပေါ်စာရိုက် ၊ ပရင့်တ်အောက်ထုတ်ပြီး အဲဒါကို တစ်ခါ ဖိုတိုမိတ္တူကူးလို့ရတဲ့ ကွန်ပြူတာ/ဖိုတိုကော်ပီ စာတွေပေါ်လာတယ်။ အင်တာနက် access ရလာတော့ online ပေါ်ရေးသားတင်ပြမှုတွေပေါ်လာတယ်။ အခုထိ စက္ကူပေါ်ခဲတံ ၊ ဘောပင်စသည်တို့နဲ့ရေးသားတာတွေလည်းရှိတုန်းပါပဲ။

ဆိုလိုတာက `ပေရွက်ကဗျာ´ ၊ `ဘလောက်တုံးကဗျာ´ ၊ `ပုံနှိပ်ကဗျာ´၊ `ဖယောင်းစက္ကူကဗျာ´၊ `ကွန်ပြူတာ/ဖိုတိုကော်ပီ ကဗျာ´ စတာတွေမရှိခဲ့ပဲ အခုမှ`အွန်လိုင်းကဗျာ´ ဆိုတာပေါ်လာခြင်းပါပဲ။ ခေတ်ရဲ့ တိုးတက်မှုရဲ့ အသီးအပွင့်တစ်ခုဆိုတာကိုငြင်းလို့ မရပေမယ့် `အွန်လိုင်းကဗျာ´ ဆိုတာနားလည်လွဲစရာတစ်ခုဖြစ်လာပါတယ်။ ဖြစ်နေတယ်လို့ဆိုရင်ပိုမှန်မလားပဲ။ အဲဒီတော့ ၊ အွန်လိုင်း ကဗျာဆိုတာဘာလဲ။

အွန်လိုင်းကဗျာကို ကျွန်တော်မီဒီယာပိုင်းနဲ့ ကဗျာပိုင်း ၂ ပိုင်းခွဲပြီး လေ့လာသုံးသပ်ချင်ပါတယ်။ မီဒီယာကို အရေးအသားများ /စာသားများ/ text များပြုလုပ်တင်ဆက်ဖြန့်ချိမှုဆိုင်ရာ ပစ္စည်းနဲ့ နည်းစနစ်လို့ အကြမ်းဖျဉ်းကြည့်မယ်ဆိုရင် ပေရွက် မီဒီယာ ၊ ဘလောက်ပုံနှိပ် မီဒီယာ ၊ ပုံနှိပ် မီဒီယာ ၊ ဂက်စတက်တ်နာ မီဒီယာ ၊ ကွန်ပြူတာ/ဖိုတိုမီဒီယာနဲ့ အခု အွန်လိုင်းမီဒီယာ စသည်ဖြင့် ဖွံ့ဖြိုးလာမှုနဲ့ အဲဒီဖွံ့ဖြိုးလာမှုနဲ့အတူ အသစ်ပြုလုပ်ခွင့်တွေပါ အလိုလိုပါရှိလာပါတယ်။ ဒီနေ့ခေတ်မှာ visual media, audio media, audiovisual media, print media နဲ့ electronic media လို့ခွဲခြားနားလည်ထားကြတဲ့ နေရာမှာ စာပေနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ဆီမှာ print media နဲ့ electronic media ကို သုံးစွဲလာတာ တွေ့ရမှာဖြစ်ပါတယ်။ ပုံနှိပ်မီဒီယာနဲ့ ကွန်ပြူတာကနေ အွန်လိုင်းမီဒီယာပေါ့။ နိုင်ငံခြားမှာ media တွေ ပေါင်းစပ်ပြီး အနုပညာလုပ်ရပ်တွေခင်းကျင်းပြသနေတာ ကျယ်ပြန့်နေပြီဖြစ်ပေမယ့် ကျွန်တော်တို့ဆီမှာ ကဗျာနဲ့ ပတ်သက်လာရင် လောလောဆည်ဆည် ပရင့်တ်နဲ့ အွန်လိုင်းပေါ့။

အဲဒီတော့ အွန်လိုင်းကဗျာဆိုတာကို မီဒီယာပိုင်းကကြည့်ရင် အွန်လိုင်းပေါ်ရေးသားတင်ပို့ထုတ်ဝေဖြန့်ချိတဲ့ ကဗျာတွေအဖြစ် မီဒီယာရှုထောင့်ကနေအမည်တပ်ချင်တပ်လို့ရပါတယ်။ ဒါကို အငြင်းပွားကြမယ်မထင်ပါဘူး။ `အွန်လိုင်းပေါ်တင်တဲ့ ကဗျာဟာ အွန်လိုင်း ကဗျာပေါ့´ ၊ ရှင်းပါတယ်။ ဒါပေမယ့် ၊ ကျွန်တော်စောဒကလေး နည်းနည်းတက်ချင်ပါတယ်။ အွန်လိုင်းကဗျာဆိုတာ (၁) အွန်လိုင်းပေါ်မှာ ပဲရေးသားထုတ်ဝေဖြန့်ချိတဲ့ ကဗျာ ၊ (၂) ပရင့်တ်လုပ်ပြီးသားကဗျာကို အွန်လိုင်းပေါ်တင်တဲ့ကဗျာ ၊ (၃) ပရင့်တ်မလုပ်ရသေးပေမယ့် လက်ရေးနဲ့ ရေးရေး ၊ ကွန်ပြူတာနဲ့ ရိုက်ပြီး ပရင့်တ်အောက်ထုတ်ထုတ် ၊ အဲဒီ အွန်လိုင်းပြင်ပက ပြုလုပ်ပြီးသား အရေးအသားကို အွန်လိုင်းပေါ်တင်တဲ့ ကဗျာလို့ခွဲခြားလို့များရမလားပဲ။ ဆိုလိုတာက စက်ပေါ်လုပ်တဲ့ ကဗျာ ၊ media transfer လို့ခေါ်တဲ့ ပရင့်တ်ကနေ အွန်လိုင်းပေါ်တင်ဆက်ဖေါ်ပြတဲ့ ကဗျာနဲ့ စက်ပေါ်လုပ်တာလည်းမဟုတ် ၊ ပရင့်တ်လည်းမဟုတ်ပဲ စက်ပေါ်တင်ဆက်တဲ့ကဗျာဖြစ်ပါ တယ်။

ကျွန်တော်စိတ်အ၀င်စားဆုံးကတော့ အပိုင်း (၁)ပါပဲ။ ဒီအပိုင်းမှာ electronic poetry နယ်ပယ်ကို အပြည့်အ၀ထူထောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီ e – media ရဲ့ဖြည့်စွမ်းပေးနိုင်တဲ့ function တွေကို ပြည့်ပြည့်၀၀သုံးစွဲပြီး electronic poetry(၀ါ) cyber poetry (၀ါ) digital poetry တွေပြည့်ပြည့်စုံစုံနဲ့ ၀၀လင်လင်တီထွင်ဖန်တီးရေးသားပြုလုပ်တင်ဆက်နိုင်မှာဖြစ်ပါတယ်။ ဒါက မီဒီယာရဲ့ ပါဝါကိုပြော တာပါ။ ပရင့်တ်နဲ့ မလုပ်နိုင်တာတွေဒီမှာ ထူးထူးခြားခြားလုပ်ပြလို့ရပါတယ်။ ကဗျာအမျိုးအစားအသစ်တွေတောင်ပေါ်လာလို့ရတဲ့ space ပါ။ digital ခေတ်ရဲ့ ကဗျာတွေ။ ဒါကလည်း ကျွန်တော့်လို တက္ကနိုငပိန်းကပြောတာပဲဖြစ်ပါတယ်။ တက္ကနိုကိုကြောက်တဲ့ technophobes တွေအတွက် မဟုတ်ပဲ တက္ကနိုနဲ့ ချစ်ကျွမ်းတ၀င်ရှိလှတဲ့ technophiles တွေအတွက် ပိုအဆင်ပြေပါတယ်။ ဒုတိယ အချက်က ရွေးချယ်မှုပိုင်းဖြစ်ပါတယ်။ ပရင့်တ်မှာ လုံးဝမပြုလုပ်မတင်ဆက်မဖေါ်ပြပဲ အွန်လိုင်းနယ်ပယ်မှာပဲ သီးသန့်နေလိုသူတွေရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် online poetry domain ကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင်တကာ ရွေးချယ် တည်ဆောက်ပြန့်ပွားလို့ရတဲ့ space ပါပဲ။ ပရင့်တ်နဲ့ အပြိုင်သွားလို့ရတဲ့ space ပေါ့။ အမေရိကန်မှာဆို ချားလ်စ် ဘန်းစတိုင်းန်ရဲ့ Electronic Poetry Centre EPC ရှိသလို online မှာပဲတွေ့ရမယ့် ရော်န် ဆစ်လ္လမင်န် ၊ ကေဆီမိုဟာမဒ် ၊ ကဲနစ်သ်ဂိုးလ်ဒ်စမစ်သ် စသူတို့ရဲ့ ဘလော့ဂ်တွေအပြင် ကျွန်တော်မသိတဲ့ အခြားတွေလည်း အများကြီးရှိပါတယ်။ ဒီလို ဘလော့ဂ်တွေဟာ ကျွန်တော်တို့ဆီမှာ လည်းရှိပါတယ်။ တက်လမ်းတွေရှိလာဦးမှာပါ။

အပိုင်း (၂)ကိုတော့ ကျွန်တော့်အနေနဲ့ media transfer လို့ပဲမြင်ပါတယ်။ ပရင့်တ်မှာ ဖေါ်ပြပြီးသားအရေးအသားတွေကို အွန်လိုင်းမှာ တင်ဆက်တာပဲဖြစ်ပါတယ်။ ဒါဟာ လမ်းကြောင်းပြောင်းပြန်လည်း ဖြစ်နိုင်ပါတယ်။ အွန်လိုင်းမှာ အရင်တင်ပြီးမှ ပရင့်တ် မှာဖေါ်ပြတာ။ ဒါဆိုရင် အွန်လိုင်းမှာ စတင်လို့ အွန်လိုင်းကဗျာဖြစ်တာဟာ ပရင့်တ်နဲ့ ဖေါ်ပြရင် အဲဒီကဗျာကို အွန်လိုင်းကဗျာလို့ ခေါ်နိုင် ပါဦးမလား။ ပရင့်တ်လုပ်ပြီးသားကို အွန်လိုင်းမှာ ထပ်ဖေါ်ပြတာဟာလည်းကျယ်ဝန်းတဲ့ လုပ်ရပ်ပါပဲ။ ကျွန်တော်သိတဲ့ Drunken Boat ၊ ယခင် အော်ဇီကဗျာဆရာ John Tranter တည်းဖြတ်တင်ဆက်ခဲ့တဲ့ Jacket magazine ၊ စတာတွေဟာ ပရင့်တ်ကနေ ရွေးချယ်ပြီး အွန်လိုင်း မဂ္ဂဇင်းတွေမှာ ပြန်လည်ဖေါ်ပြတာဖြစ်ပါတယ်။ ဒါတွေဟာ အွန်လိုင်းပေါ်ဖတ်ရတဲ့အတွက် အွန်လိုင်းကဗျာတွေလို့ပြောရခက် မလားပဲ။ အကယ်၍ကဗျာတစ်ပုဒ်ကို ကျွန်တော်ပရင့်တ်မှာလည်း ဖတ်ဖူးတယ် ၊ အွန်လိုင်းမှာလည်း ဖတ်ရတယ်ဆိုရင် အဲဒီကဗျာကို အွန်လိုင်းကဗျာလို့ ကျွန်တော့်အနေနဲ့ ပြောရခက်ပါတယ်။ `အွန်လိုင်းပေါ်မှာလည်း ဖတ်လိုက်ရတဲ့ ပရင့်တ်ကဗျာ´ လို့ဆိုရမလားပဲ။ ဒါမှမဟုတ် ၊ အွန်လိုင်းမှာ အရင်တွေ့ရှိဖတ်ရှုခဲ့ရတဲ့ ကဗျာတစ်ပုဒ်ကို ပရင့်တ်မှာတွေ့ရရင် ကျွန်တော့်စိတ်ထဲမှာ ဘာမှ ထူးခြားတယ်လို့ မထင်ပါဘူး။ media transfer ပါပဲ။ ဒါပေမယ့် ဒီကဏ္ဍဟာ ကဗျာလောကမှာ အရေးပါလွန်းပါတယ်။ အလွယ်ဆုံး အချက်ထုတ်ပြရရင် ၊ နိုင်ငံခြားရောက်မြန်မာကဗျာ စိတ်ဝင်စားသူတွေဟာ လက်လှမ်းမမီတဲ့ မဂ္ဂဇင်းတွေထက် ကလစ်လုပ်ဖတ်လို့ရခြင်းပါပဲ။ ဥပမာပေးရရင် ကိုခင်အောင်အေးရဲ့ BPF နဲ့ ကိုထိန်လင်းရဲ့ kaungkin ။ Lan – o – lay လည်းရှိပါတယ်။ ပြီး . . . အခြားသောတွေ။

အပိုင်း (၃) ကတော့ လောလောဆယ်အများဆုံးတွေ့နေရတာပါ။ ပရင့်တ်မဟုတ်တဲ့ ကဗျာတွေကို အွန်လိုင်းပေါ်တင်တာတွေ ပါ။ ပရင့်တ်မဟုတ်တဲ့ ကဗျာဆိုလို့ ၂ မျိုးခွဲပြောကြည့်ချင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ၊ ပရင့်တ်မှာဖေါ်ပြလို့ရလျှက်သားနဲ့ အွန်လိုင်းမှာပဲတမင်ဖေါ်ပြတဲ့ ကဗျာတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ၊ ပရင့်တ်မှာ ဖေါ်ပြခွင့်မရလို့ အွန်လိုင်းပေါ်မှာပဲ ရေးသားတင်ပို့နေ တဲ့ကဗျာတွေဖြစ်ပါတယ်။ ဒီနေရာမှာ ရည်ရွယ်ချက်နဲ့ အရည်အသွေးကိစ္စတွေဟာ မလွဲမသွေပြောစရာတွေပြောချင်သူတွေအတွက်ဖြစ် လာပါတော့တယ်။ ဒီနေရာမှာ ဝေဖန်ပုတ်ခတ်တဲ့အပိုင်းနဲ့ ခုခံချေပတဲ့အပိုင်း အငြင်းပွားမှုလေးတွေလည်းတွေ့ရပါတယ်။ ပရင့်တ်နဲ့ အွန်လိုင်းပြဿနာဟာ ဒီနယ်ပယ်မှာ အများဆုံးဖြစ်ပွားတာတွေ့ရပါတယ်။ ဒီ့အပြင် ၊ အွန်လိုင်းပေါ်မှာပဲ တစ်ကိုယ်တော်သော်လည်း ကောင်း ၊ အုပ်စုဖွဲ့၍သော်လည်ကောင်း ကွန်မန့်ပဋိပက္ခလေးတွေတွေ့ရပါတယ်။ ရှင်းရှင်းပြောရရင် အွန်လိုင်းပေါ်တစ်စင်ထောင်ဗိုလ်ကျ ချင်တာတွေလည်း ဒီနေရာမှာ အများဆုံးတွေ့ရပါတယ်။ နယ်ပယ်တည်ဆောက်မှုမှာ နယ်ပယ်ကိုယ်တိုင်ဟာ မခိုင်မာ ၊ မရင့်ကျက်သေး တာကတစ်ပိုင်း ၊ တည်ဆောက်လိုသူတွေရဲ့ မခိုင်မာ ၊ မရင့်ကျက်သေးတာကတစ်ပိုင်းပေါ့။ အခြားအပိုင်းတွေလည်းရှိမှာပေါ့။ လူပဲ ၊ အမျိုးမျိုးပေါ့။ ကျွန်တော့် www. zlkontempo.com ကို ကျွန်တော်ဒီအပိုင်း (၃) မှာပဲထားရှိပါတယ်။ ပရင့်တ်ထက် ဒီမီဒီယာရဲ့ အတိုင်း အတာတစ်ခုအထိ ပိုလွတ်လပ်တာကို နှစ်သက်လို့ပါ။ ချုပ်ပြောရရင်တော့ အွန်လိုင်းကဗျာနဲ့ အွန်လိုင်းပေါ်တင်တဲ့ ကဗျာလို့ပဲရှိမယ်ထင် ပါတယ်။ ကျွန်တော့်တို့ဆီမှာ အွန်လိုင်းကဗျာ (အပိုင်း ၁ မှာဖေါ်ပြရာ) တွေဖြစ်ပေါ် ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းစတွေရှိနေပါပြီလို့ပဲ ကျွန်တော့် တစ်ဦးတည်း အမြင်နဲ့ ပြောပါရစေ။

အွန်လိုင်းပေါ်မှာရေးသူ/တင်ဆက်သူတွေဟာ ဘယ်သူတွေလဲ။ ဘာရည်ရွယ်ချက်တွေနဲ့များလဲ။ ကျွန်တော်သိသလောက် အများစုဟာ အသက်အရွယ်အားဖြင့် ၂၀ နဲ့ ၃၅ ကြားရှိပြီး အမျိုးသားဦးရေဟာ အမျိုးသမီးဦးရေထက်သိသိသာသာ ပိုများပါတယ်။ အွန်လိုင်းပေါ်စတက်လာခဲ့သူတွေဟာလည်း လူငယ်တွေပါပဲ။ အွန်လိုင်းဟာ ကဗျာစိတ်ဝင်စားသူလူငယ်တွေရဲ့ စပေ့စ် တစ်ခုလို့တောင် ခေါ်လို့ရမယ်ထင်ပါတယ်။ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ကလည်း အမျိုးမျိုးရှိမှာပါပဲ။ ကျွန်တော့်အနေနဲ့ ပြောရရင် အွန်လိုင်းကပေးတဲ့ အခွင့်အရေးတွေနဲ့ ဆက်စပ်နေကြပါလိမ့်မယ်။ အဲဒီအခွင့်အရေးတွေကတော့ ယေဘူယျအားဖြင့် Freedom လွတ်လပ်မှု ၊ Enjoyment ကျေနပ်နှစ်သက်မှု ၊ Space နယ်ပယ် ၊ Community အုပ်စုအဖွဲ့ ၊ Speed အမြန်နှုံးနဲ့ Publishing/ Distribution ဖေါ်ပြဖြန့်ဝေမှုတို့ ဖြစ်ပါတယ်။ ဒီတစ်ချက်စီကို ထပ်ရှင်းကြည့်ချင်ပါတယ်။

Freedom လွတ်လပ်မှုကတော့ အွန်လိုင်းပေါ်မှာ အထူးပြောစရာမလိုတော့ပါဘူး။ အယ်ဒီတာဆီပို့စရာမလို ၊ စိစစ်ရေးဖြတ် စရာမလိုပဲကိုယ်ရေးချင်ရာကိုယ်ရေးတင်လို့ရတာဟာ ပျော်စရာပါပဲ။ ကိုယ့်ဆိုက်သ်ပေါ်ကိုယ်တင်ချင်တာကို ကိုယ်ကြိုက်သလိုကြိုက်တဲ့ အချိန်မှာ တင်လို့ရတယ်။ ကိုယ့်ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လက်တွေ့ကျင့်သုံးလို့ရပါတယ်။ ဘာတွေညာတွေခေါင်းထဲထည့် စိစစ်ပိုင်း ဖြတ်နေစရာမလိုပဲ ကိုယ့်စိတ်ထဲရှိ ၊ ရှိသလိုရေးတင်လို့ရပါတယ်။ တစ်ဘက်ကကြည့်ရင် ဒီလွတ်လပ်မှုဟာ ပိတ်ထားတဲ့ တံခါးအချို့ကို ပွင့်သွားစေသလို လွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ရမ်းကားတာတွေလည်း ဖြစ်စေတာတွေ့ရပါတယ်။

Enjoyment ကျေနပ်နှစ်သက်မှုရရှိစေတာဟာလည်း တွန်းအားတစ်ခုပါပဲ။ အနိမ့်ဆုံးပြောရရင် ego fulfillment အတ္တအားရ ကျေနပ်မှုရရှိစေပါတယ်။ စိတ်အလိုမပြည့်မှုတွေ ၊ စိတ်အစာမကြေမှုတွေ ၊ စိတ်ရွှင်လန်းရတာတွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ မိမိရဲ့ identity ကိုလည်းတည်ဆောက်တည်ထောင်လို့ရပါတယ်။ မိမိရဲ့ အရေးအသားကို မိမိပြန်ဖတ်ပြီး ပီတိဖြစ်ရတာမျိုးလည်းရရှိပါတယ်။ မိမိရဲ့ အရေးအသားပေါ် like တာတွေ ၊ ကွန်မန့်ပေးတာတွေတွေ့မြင်ဖတ်ရှုရတော့လည်း ပီတိဖြစ်ရတာပေါ့။ အနည်းဆုံးတော့ ၊ လူရာဝင်လို့ရတဲ့ နေရာလေးတစ်ခုရရှိတာပေါ့။ အနည်းဆုံးတော့ ကိုယ်ရေးတာလေးကို ပုံနှိပ်စာမျက်နှာပေါ်မှာ မဟုတ်တာတောင် အွန်လိုင်းမှာ ကိုယ်ကိုယ်တိုင်ပြန်ဖတ်ရတာ စိတ်ထဲလန်းတာပေါ့။ တစ်ချိန်တုန်းက ကျွန်တော်တို့ ကဗျာလေးမဂ္ဂဇင်းမှာ ပုံနှိပ်ဖေါ်ပြတာခံရ ရင် ဂုဏ်ယူဝင့်ကြွားလို့မဆုံးတဲ့ ဖီလင်မျိုးပေါ့။ ဟုတ်သော်ရှိ ၊ မဟုတ်သော်ရှိ ၊ ကဗျာဆရာလို့အထင်ခံရရင်လည်း အွန်လိုင်းမှာ မျက်နှာ ပွင့်တာပေါ့။ စိတ်ပျော်ရွှင်မှုအတွက်ကောင်းတဲ့ ကိစ္စတွေပါပဲ။

Space နယ်ပယ်ကိစ္စကတော့ ကဗျာရေးသားလေ့ကျင့်ဖို့ ပလက်ဖေါင်းတစ်ခုရသလိုပါပဲ။ အွန်လိုင်းမှာ သူများကဗျာတွေ တင်ထားတာလည်း ဖတ်လို့ရတယ်။ `like´ ကွန်မန့်တ်စသည်အားဖြင့်တုန့်ပြန်လို့ရတယ်။ ကိုယ့်ကဗျာနဲ့ ဖြစ်ဖြစ် သူများကဗျာနဲ့ ဖြစ်ဖြစ် ပတ်သက်ရာ ကိစ္စတွေရေးတင်လို့ရတယ်။ ပရင့်တ်မှာ မရနိုင်တဲ့ စပေ့စ်ကိုလည်း အွန်လိုင်းမှာရနိုင်တယ်။ အဲဒီ စပေ့စ်ထဲမှာ ကိုယ်နေချင် သလိုနေလို့ရတယ်။ ကိုယ့်ကိုကိုယ်ကြိုက်သလိုတည်ဆောက်နေလို့ရတယ်။ ကိုယ့်ဘလော့ဂ် ၊ သို့မဟုတ် ၀က်ဘ်ဆိုက်သ်ဟာ ကိုယ့် ကိုယ်ပိုင် စပေ့စ်ပဲ။ ကိုယ့်ကိုယ်ပိုင်ကဗျာ စပေ့စ်ပဲ။ အွန်လိုင်းကဗျာ မဂ္ဂဇင်းတစ်ခုတောင်ဖြစ်လာနိုင်ချေရှိပါတယ်။

Community အုပ်စုအဖွဲ့ ဖွဲ့လိုက ဖွဲ့ခွင့်ရခြင်းဟာ အထက်ပါ စပေ့စ်ကိစ္စနဲ့ ဆက်နွယ်ပါတယ်။ အွန်လိုင်းကဗျာအစမှာလည်း ဒီလိုပဲ စိတ်တူသူချင်း ၂ယောက်စ ၊ ၃ ယောက်စကနေ ၅ ယောက်စ ၊ ၁၀ ယောက်စတွေအထိအဖွဲ့လေးတွေဖွဲ့။ ဖွဲ့ပြီးကွဲလိုက် ၊ အသစ် ဖွဲ့လိုက် ၊ ကွဲလိုက် ၊ ပြန်ဖွဲ့လိုက်။ အခုထိမြဲနေသေးတဲ့ အုပ်စုက Pemskool ပဲထင်ပါတယ်။ ဒါဟာလည်း ကျွန်တော့်အနေနဲ့ Pemskool ပဲသိလို့ပါ။ ဒါပေမယ့် ပမ်စကူးလ်ဟာ ပရင့်တ်ကဗျာစာအုပ် ၂ အုပ်ထွက်ပြီး တတိယတစ်အုပ်ထုတ်ဖို့ စီစဉ်နေတယ်ဆိုတော့ သူတို့ဟာ `အွန်လိုင်း´လား ၊ `ပရွန်လိုင်း´လားဆိုတာ ပြောစရာဖြစ်ပြန်ပါတယ်။ ဤကားစကားချပ်။ အခြားအုပ်စုတွေလည်းရှိမှာပါ။ ဒီလိုကွန်မြူ နတီလေးဖွဲ့နိုင်ခြင်းဟာ ကောင်းတဲ့ လက္ခဏာပါပဲ။ ကိုယ့်အဖွဲ့အတွင်းမှာပဲ ကိုယ့်အချင်းချင်းတင်တဲ့ ကဗျာတွေကို ကွန်မန့်ပေးခြင်းအား ဖြင့် အချင်းချင်းကူညီလို့ရပါတယ်။ ပြီး . . . ၊ ကိုယ့်အဖွဲ့ထဲဝင်ရောက်ဖတ်ရှုပြီး ကွန်မန့်ပေးခြင်းသော်လည်းကောင်း ၊ အခြားအဖွဲ့တွေနဲ့ ချိတ်တွဲပြီး ကဗျာအလုပ်လုပ်ကြခြင်းသော်လည်းကောင်း ၊ ပိုမိုကျယ်ဝန်းတဲ့ ကွန်မြူနတီရရှိနိုင်ပါတယ်။ အွန်လိုင်းကဗျာ ကွန်မြူနတီကြီး တစ်ခုတောင်တည်ထောင်ပြီး အွန်လိုင်းကဗျာဆရာများ သမဂ္ဂတောင်လုပ်လို့ရတယ်။ အတည်ပါ။ ရွဲ့နေတာမဟုတ်ပါဘူး။ ဖြစ်စေချင်တဲ့ ဆန္ဒ (၀ါ) စေတနာပါ။ ပရင့်တ်ကဗျာကွန်မြူနတီနဲ့ အပြိုင် (parallel ပါ ၊ rival မဟုတ်ပါ) ထွန်းကားစေချင်ပါတယ်။ ဒီထက်ပိုအမြင် ကျယ်နိုင်ရင် ပရင့်တ်နဲ့ အွန်လိုင်းဟာ symbiosis အပြန်အလှန်အကျိုးပြုရှင်သန်တဲ့ အီလက်ထရိုဇီဝတောင် ဖြစ်လာနိုင်ပါသေးတယ်။

Speed အမြန်နှုံးဟာလည်း ပရင့်တ်ထက် အွန်လိုင်းကို ပိုရွေးချယ်စေတဲ့ အကြောင်းတစ်ခုဖြစ်ပါတယ်။ ကိုယ့်ကဗျာလေး မဂ္ဂဇင်းမှာပါဖို့ဆိုဘယ်လို စိတ်ရှည်သီးခံပြီး စောင့်ဆိုင်းရတယ်ဆိုတာ သိကြမှာပါ။ ဒါတောင်ပါဦးမှ။ အွန်လိုင်းမှာဆို ခုရေး ၊ ခုတင်။ အကယ်၍ topical ဖြစ်တဲ့ ၊ လက်တလောဖြစ်ပျက်နေတဲ့ ကိစ္စအကြောင်းရေးရင် မဂ္ဂဇင်းမှာဆို ကိစ္စပြီးသွားလောက်တော့မှပဲ ပါချင်ပါ တာ။ အွန်လိုင်းမှာဆို ချက်ချင်းတင် ၊ ချက်ချင်းဖတ်လို့ရတော့ လတ်ဆတ်မှုကရှိနေတယ်။ လက်တလောအရေးကြီးမှု/အရေးပါမှု sense ကိုလည်းရနိုင်တယ်။ ဖတ်သူဘက်ကလည်း ဖတ်ပြီးပြီးချင်း တုန့်ပြန်လို့ရတယ်။ နောက်တစ်ချက်က ပြည်တွင်းမှာတင်မဟုတ်ပဲ ကမ္ဘာထဲ ကို ချက်ချင်းတင်လွှတ်လိုက်လို့ရတယ်။ လင့်က်တွေချိတ်ထားရင် တစ်ချိန်တည်းတစ်ပြိုင်တည်းပေါ်လာနိုင်တယ်။ ဝေဖန်ချင်ရင် ချက်ချင်း ဝေဖန်လို့ရပြီး တန်ပြန်ဝေဖန်မှုတွေလည်း ချက်ချင်းပြုလုပ်လို့ရတယ်။ လနဲ့ချီစောင့်စရာမလိုတော့ဘူးပေါ့။

Publishing/ Distribution ပိုင်းမှာလည်း ပရင့်တ်ထက် အွန်လိုင်းရဲ့ အားသာချက်တွေ့ရပါတယ်။ ချက်ချင်းဖေါ်ပြလို့ရတယ်။ ကိုယ်ပို့ချင်တဲ့သူတွေဆီ ပို့လို့ရတယ်။ share လို့ရတယ်။ ကိုယ့်ကဗျာကို လာဖတ်သွားသူ ဘယ်နှဦးရှိပြီး ဘယ်နိုင်ငံက ဘယ်နှယောက် ဖတ်သွားတယ်ဆိုတာလည်း သိလို့ရတယ်။ ပရင့်တ်မှာဆို ကိုယ့်ကဗျာကို ဘယ်နှယောက်ဖတ်သလဲ သိဖို့မလွယ်ပါဘူး။ အွန်လိုင်းမှာ တော့ရတဲ့နည်းတွေရှိတယ်။ ငွေကုန်ကြေးကျလည်းပြောရလောက်အောင်မရှိဘူး။ ကဗျာအပုဒ် ၃ – ၄၀ တင်ချင်ရင်တင်လိုက်လို့ရတယ်။ ထုတ်ဝေဖြန့်ချိဖို့ ကျပ်ငွေသိန်းနဲ့ ချီကုန်စရာမလိုဘူး။

အဲဒီတော့ ၊ ဘာလို့ အွန်လိုင်းမီဒီယာကို ရွေးသလဲဆိုရင် အထက်ပါအားသာချက်တွေကြောင့်လို့ဆိုနိုင်မယ်ထင်ပါတယ်။ new အသစ်ဖြစ်နေတဲ့ အရာကို အထူးစိတ်ဝင်စားခြင်း ၊ မဂ္ဂဇင်းဝယ်ရ ငှားရတာ ပိုက်ဆံကုန်ခြင်း ၊ အင်တာနက်သုံးရခြင်းအပေါ်ပျော်ရွှင်မှုရှိ ခြင်း ၊ မီးပျက်တာတွေ ၊ လိုင်းကျတာတွေ ၊ ပိတ်ထားတာတွေကလွဲရင် သုံးရအဆင်ပြေခြင်း ၊ စတာတွေလည်းပါဝင်ပါလိမ့်မယ်။ ဘာကြောင့် လူငယ်အများစုလည်း ဆိုတော့ သူတို့ မျိုးဆက် ၊ သူတို့ခေတ်မှာ ပေါ်လာတဲ့ ပစ္စည်းမို့လို့ပါပဲ။

ဒီနေရာမှာ မြန်မာအွန်လိုင်းကဗျာကို စ လိုက်ကြတဲ့ ပိုင်အိုးနီးယားကြီးတွေကို အလေးပြုလိုက်ပါတယ်။ ဂုဏ်ယူလေးစားမှုကို ပြသတဲ့ အရပ်သားအလေးပြုခြင်းပါ။ အဲဒီသမိုင်းအစကိုလည်း တစ်နေ့နေ့မှာ တစ်ယောက်ယောက်မဟုတ်ရင် တစ်ဖွဲ့ဖွဲ့ကရေးသား မှတ်တမ်းတင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဟုတ်ပြီ။ ပြီးခဲ့သမျှဟာ အွန်လိုင်းကဗျာဆိုတာရဲ့ မီဒီယာပိုင်း။ အခုကဗျာပိုင်းကို တတ်သလောက်မှတ်သလောက်ချဉ်းကပ် ကြည့်ပါမယ်။ အထက်မှာပြောခဲ့ပြီးသလို ၊ အွန်လိုင်း အီလက်ထရောနစ်က် မီဒီယာရဲ့ သဘာဝကြောင့် ပရင့်တ်မှာ ဖေါ်ပြလို့မရတဲ့ ကဗျာမျိုးတွေရှိနေတယ် ၊ ရှိလာနိုင်ပါတယ်။ စကရင်ပေါ်မှာ စကားလုံးတွေရွေ့နေပြီး ပေါင်းသွားလိုက် ၊ ခွာသွားလိုက်နဲ့။ လိုင်းတွေကို တစ်လိုင်းပြီးတစ်လိုင်း ချိတ်တွဲပြီး အဲဒီအစဉ်ကိုပြန်ဖျက် ၊ အခြားလိုင်းတွေနဲ့ ပြန်တွဲပြီး အစဉ် series အသစ်ထပ်လုပ်။ interactive poetry တောင်ရှိလာနေပါပြီ။ ဖတ်သူဝင်ရေးလို့ရတာမျိုး ၊ ဒါဟာ e – media ကြောင့် ရရှိလာတဲ့ online ကဗျာစစ်စစ်ပါ။ cyber poetry လို့လည်းခေါ်ကြပါတယ်။ ဒါပေမယ့် ဒါတွေဟာ poetry ကဗျာလားလို့မေးလာရင်တော့ ပြောရခက်တာတွေဖြစ်လာပြီပေါ့။ ဘာကြောင့် ခက်လည်းဆိုတာက ဘာစံ ၊ ဘာပေတံနဲ့ တိုင်းမလဲဆိုတဲ့ ကိစ္စ။ ကဗျာကို လွတ်လပ်တယ်ဆိုရင် အဲဒီလွတ်လပ်မှုကို ဘယ်လိုအဓိပ္ပါယ် ကန့်သတ်မလဲပေါ့။

အွန်လိုင်းမှာရေးတင်ထားတဲ့ အရေးအသားတိုင်း ကဗျာဖြစ်သလားဆိုတာဟာ value judgment တန်ဘိုးဖြတ်မေးခွန်းဖြစ်တဲ့ အတွက် တိတိကျကျတိုင်းတာတွက်ချက်ဖို့ စံပေတံတွေမရှိတာကတစ်ကြောင်း ၊ subjective အတ္တနောမတိနဲ့ taste အကြိုက်တွေ ကွာခြားကြတာကတစ်ကြောင်း ၊ ကဗျာအမျိုးအစားတွေမတူကြတဲ့အတွက် အမျိုးအစားတစ်ခုကို အခြားအမျိုးအစားတစ်ခုခုနဲ့ ချဉ်းကပ် ရင်မှားနိုင်တာကတစ်ကြောင်း ၊ ရေးသူရဲ့ ကဗျာအနုပညာ အနုအရင့်ကို လိုက်ပြီး `လက်´လိုက်ခြင်းမလိုက်ခြင်းရှိတာကတစ်ကြောင်း ၊ အလေးအနက်ထားပြီးရေးတာနဲ့ ပေါ့ပျက်ပျက်ရေးတာမျိုးရဲ့ ကွာခြားချက်တွေရှိတာကတစ်ကြောင်း ၊ ကဗျာအနုပညာကို နားလည် လက်ခံသဘောထားပုံတွေမတူညီတတ်ကြတာကတစ်ကြောင်း ၊ အဲသလို အကြောင်းကြောင်းတွေရဲ့ အကြောင်းကြောင်းတွေကြောင့် ယတိပြတ်ပြောလို့မသင့်ဘူးလို့ထင်ပါတယ်။ သဘောထားကြီးဖို့ ၊ အနုပညာပေါ်ထားရှိတဲ့ အမြင်လေးနယ်နယ်ကျယ်ဖို့ ၊ ကိုယ်မကြိုက် တိုင်းမကောင်းဘူးလို့ လက်လွတ်စပယ် မဝေဖန်မပုတ်ခတ်မိဖို့ ၊ ကိုယ်နားမလည်တိုင်း သွားပုပ်လေလွင့် ဆဲရေးတိုင်းထွာခြင်းတွေ မပြု မိဖို့ပါပဲ။ ပရင့်တ်ကဗျာတွေမှာလည်း သူ့အဆင့်နဲ့သူ ၊ သူ့အရည်အသွေးနဲ့သူ ၊ သူ့ရည်ရွယ်ချက်ပေါက်မြောက်ခြင်းမပေါက်မြောက်ခြင်းနဲ့ သူ ၊ သူ့ကျိုးစားအားထုတ်မှုနဲ့သူ အမျိုးမျိုးကွဲပြားနေကြသေးတော့။ ကျွန်တော့် ပုဂ္ဂိုလ်ရေးနေနဲ့တော့ အွန်လိုင်းမှာ ကဗျာရေးနေကြသူ တွေထဲမှာ ကဗျာလေ့ကျင့်ရေးကွင်းဆင်းခွင့်ရနေကြသူတွေရှိတဲ့အတွက် သူတို့ရဲ့ ကဗျာပေါ်လေးနက်မှုပေါ်မူတည်ပြီး ကဗျာကောင်းတွေ ရေးသားပြုလုပ်ဖန်တီးလာနိုင်ကြလိမ့်မယ်လို့ထင်ပါတယ်။ အပျော်တမ်းရေးသားသူတွေကတော့ သူတို့အရှိန်ကုန်သွားရင် သူတို့လမ်း သူတို့ သွားကြမှာပါပဲ။ အလေးအနက်ထားပြီးရေးနေသူတွေရှိတာကိုတော့ မျက်စိမှိတ်ငြင်းလို့မရပါဘူး။ သူတို့ထဲမှာ ပရင့်တ်ဘက်ရောက် မလာ (ကြသေး) သူတွေသာရှိရင်ရှိမယ် ၊ သူတို့ရဲ့ အွန်လိုင်းကဗျာတွေထဲမှာ ကျွန်တော်အကြိုက်တွေ့တာတွေရှိတာကို ၀န်ခံရမှာပါပဲ။ ကဗျာ အနုပညာလောကကြီးမှာ လေးစားရမယ့်ကဗျာဆရာ/ဆရာမတွေ ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။

အွန်လိုင်းကဗျာနဲ့ ပတ်သက်လို့ (ကို) လွန်းဆက်နိုးမြတ်ရဲ့ `ကဗျာနွေဦးတော်လှန်ရေး/ခေတ်ပြိုင်ကဗျာနိဒါန်း´ ဆောင်းပါး (မတ်လ ၂၀၁၂) ထဲမှာလည်းရေးသားထားတာ တွေ့ရှိရပါတယ်။ တကယ်တော့ ဒီဆောင်းပါးဟာ ခေတ်ပြိုင်ကဗျာဘက်ဇောင်းပေးရေး ထားတာဖြစ်ပါတယ်။ ခေတ်ပြိုင်ကဗျာရဲ့ သမိုင်းအစကောက်ကြောင်း ၊ မဂ္ဂဇင်းတွေမှာ ခေတ်ပြိုင်ကဗျာတွေဖေါ်ပြခံရတာနဲနေသေးတဲ့ အကြောင်း ၊ ခေတ်ပြိုင်ကဗျာကို ပထမမျိုးဆက်နဲ့ ဒုတိယမျိုးဆက်ခွဲပြီး ဒုတိယ မျိုးဆက်မှာ (A)နဲ့ (B) လို့ထပ်ခွဲထားတဲ့အကြောင်း ၊ စတာတွေဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမယ့် ၊ ကျွန်တော်သတိပြုမိတာက ဒီအွန်လိုင်းကဗျာကိစ္စ။ လွန်းဆက်ရဲ့ ဆောင်းပါး ထဲကပဲ အွန်လိုင်းကဗျာဆိုင်ရာ အချက်အလက်တွေကောက်နှုတ်ပြရရင် ––

၁။ `အွန်လိုင်းကဗျာလို့ဆိုရာမှာ အင်တာနက်မီဒီယာရဲ့ လွတ်လပ်ခွင့်ကို အပြည့်အ၀အသုံးချပြီးဖန်တီးရေးဖွဲ့ထုတ်လုပ်ထား

တဲ့အစဉ်အလာနဲ့ ခေတ်ပေါ်ရေးဟန်ကနေခွဲထွက်လာတဲ့ ဘယ်ကဗျာအမျိုးအစားမဆို အကျုံးဝင်ပါတယ်´

ဒါဟာ လွန်းဆက်ရဲ့ `အွန်လိုင်းကဗျာ´ ဖွင့်ဆိုချက်လို့ပဲ ယူဆရမှာဖြစ်ပါတယ်။ ၂ ပိုင်းပါရှိပါတယ်။ `အင်တာနက်မီဒီယာ

ရဲ့လွတ်လပ်ခွင့်ကို အပြည့်အ၀အသုံးချပြီး´ နဲ့ `အစဉ်အလာနဲ့ ခေတ်ပေါ်ရေးဟန်ကနေခွဲထွက်လာတဲ့ ဘယ်ကဗျာအမျိုး အစားမဆို´တို့ဖြစ်ပါတယ်။

အွန်လိုင်းပေါ်တင်/ရောက်တိုင်း `အွန်လိုင်းကဗျာ´ မဟုတ်တဲ့ သဘောပါ။ အွန်လိုင်းပေါ်လည်းရောက်ရမယ် ၊ အစဉ်

အလာနဲ့ ခေတ်ပေါ်ရေးဟန်ကနေခွဲထွက်ရမယ့်သဘောပါ။ တစ်ခုက မီဒီယာပိုင်း ၊ နောက်တစ်ခုက ကဗျာဗေဒပိုင်း။

၂။ `တစ်နည်းအားဖြင့် ဒီကဗျာတွေကို ခေတ်ပြိုင်ကဗျာတွေလိုလည်းခေါ်ဆိုနိုင်မယ်ထင်ပါတယ်။´

အထက်ပါ `အွန်လိုင်းကဗျာ´ကို `ခေတ်ပြိုင်ကဗျာ´လို့ဆိုလိုတာဖြစ်ပါတယ်။

၃။ `အွန်လိုင်းကဗျာတွေရဲ့ လွတ်လပ်တဲ့ အရေးအသားပုံသဏ္ဍာန်တွေ´

အထက်ပါ `အွန်လိုင်းကဗျာ´ (၀ါ)`ခေတ်ပြိုင်ကဗျာဟာ လွတ်လပ်တဲ့ အရေးအသားပုံသဏ္ဍာန်တွေဖြစ်တယ်လို့ဆိုရင်

အစဉ်အလာနဲ့ ခေတ်ပေါ်ရေးဟန်ဟာ `မလွတ်လပ်တဲ့ အရေးအသားပုံသဏ္ဍာန်´ လို့ ဆိုလိုချင်သလား။ ခေတ်ပြိုင်

ကဗျာဟာ လွတ်လပ်တဲ့ အရေးအသား ပုံသဏ္ဍာန်လား ၊ အွန်လိုင်းကဗျာဟာ လွတ်လပ်တဲ့ အရေးအသားပုံသဏ္ဍာန်

လား။ အွန်လိုင်း/ခေတ်ပြိုင်ကဗျာဟာ လွတ်လပ်တဲ့ အရေးအသားပုံသဏ္ဍာန်လား။ ပရင့်တ်ခေတ်ပြိုင်ကဗျာကော

လွတ်လပ်တဲ့ အရေးအသားပုံသဏ္ဍာန်လား။ ဘာကနေလွတ်လပ်ပြီး ဘာအတွက် လွတ်လပ်တာလဲ။ လွန်းဆက်သတ်

မှတ်တဲ့ `အွန်လိုင်း/ခေတ်ပြိုင်ကဗျာ´နဲ့ အွန်လိုင်းပေမယ့် ခေတ်ပြိုင်မဟုတ်တဲ့ ကဗျာမှာ လွတ်လပ်မှု အနေအထား

ဘယ်လိုကွာခြားပါသလဲ။ ရေးချင်ရာရေးခွင့် ၊ ရေးချင်တဲ့ ပုံသဏ္ဍာန်ရေးခွင့်ရှိခြင်းဆိုရင် ခေတ်ပေါ်ဟန်နဲ့ ရေးတာဟာ

လည်း ရေးချင်ရင်ရေးခွင့်ရှိနေတဲ့အတွက် ဒါဟာလည်း လွတ်လပ်စွာ ရွေးချယ်သုံးစွဲခြင်းမဖြစ်နိုင်ဘူးလား။ ကတ်သီး

ကတ်သတ်ပြောတာမဟုတ်ပါဘူး။ တကယ်ကွဲကွဲပြားပြား သိချင်လို့ပါ။ ကိစ္စတော်တော်များများက ၂ ပင်လိမ် ၃ ပင်လိမ်ကပ်နေပြီး ခွဲထုတ်ရခက်တဲ့ သဘောတွေရှိလို့ပါ။ ခွဲထုတ်ကြည့်ရင်လည်း တိတိကျကျကွဲကွဲပြားပြားကွဲထွက်

မလာပဲ ၊ ကိုယ်ပယ်ချင် တဲ့အရာဟာ ကိုယ်တည်ချင်တဲ့ အရာကို ဖဲ့သွားမှာ ၊ ပဲ့ပါသွားမှာလည်းရှိသေးတာကိုး။

တီအက်စ် အဲလိယစ်တ်ကို ကိုးကားရရင် There is no free verse for the serious poet `ကဗျာကိုအလေးအနက် ထားပြီးရေးသားတဲ့ ကဗျာဆရာအတွက် လွတ်လပ်ကဗျာဆိုတာမရှိပါဘူး´ တဲ့။ ဆိုလိုတာက ခေတ်ပေါ်ပဲ ရေးရေး ၊ ခေတ်ပြိုင်ပဲ ရေးရေး ၊ ဖွဲ့စည်းတည်ဆောက်ယူရတာချည့်ပါပဲ။ ဖွဲ့စည်းတည်ဆောက်ပုံသာမတူတာပါ။ `လွတ်လွတ် လပ်လပ်´နဲ့ `လက်လွတ်စပယ်´မသည်းကွဲရင်တော့ မကောင်းဘူပေါ့။ ဘာရေးရေး ၊ `လွတ်လွတ်လပ်လပ်´ရေးလိုက် တာပဲဆိုတာဟာ အနုပညာ/ အက်စ်သက်တစ်က် ရှုထောင့်ကကြည့်လိုက်ရင် တန်ဘိုးမရှိတဲ့ အရာလည်းဖြစ်သွားနိုင်ပါ တယ်။ စိတ်ထဲရှိတာ `လွတ်လွတ်လပ်လပ်´ ကောက်ရေးချလိုက်တိုင်းကဗျာတစ်ပုဒ် ဟုတ်တိပတ်တိဖြစ်လာတာမှ မဟုတ်တာ။

ပြီးတော့ ၊ ခေတ်ပြိုင်ကဗျာတွေထဲမှာ rework လုပ်တဲ့ကဗျာတွေလည်းရှိပါတယ်။ အစဉ်အလာကဗျာတစ်ပုဒ်ပုဒ်ကို ပြန်ရေးတာမျိုး။ ဆိုလိုတာက အဲဒီ အစဉ်အလာကဗျာပုဒ်ကိုပဲ အခြေခံထားပြီး ဖြည့်စွက်ရေးတာမျိုး ၊ ကဗျာပုဒ်တစ်ပုဒ်နဲ့ အဲဒီအစဉ်အလာကဗျာပုဒ်တို့ကိုရောရေးတာမျိုး ၊ ငုံရေးတာမျိုးလည်းရှိတာကိုး။ အဲသလိုဆို ခေတ်ပေါ်ကဗျာ

တစ်ပုဒ်ပုဒ်ကိုလည်း အဲသလို rework လုပ်လို့ရပါတယ်။ ဒါမှမဟုတ် ခေတ်ပေါ်ကဗျာပုံစံနဲ့ ခေတ်ပေါ်မဟုတ်တဲ့ ပုံစံတို့

hybrid လုပ်ရေးလည်းရတာပါပဲ။ ခေတ်ပေါ်ကဗျာနဲ့ လုံးလုံးလမ်းခွဲကျောခိုင်းပြီးရေးတာတွေရှိသလို rework လုပ်တာ ၊

hybrid လုပ်တာတွေဟာလည်း ခေတ်ပြိုင်ကဗျာရဲ့ လက္ခဏာတစ်ခု ၊ ဟန်တစ်ခုပါပဲ။ လွန်းဆက်ပြောတဲ့ အွန်လိုင်း/

ခေတ်ပြိုင်ကဗျာရဲ့ လွတ်လပ်တဲ့ အရေးအသားပုံသဏ္ဍာန်လေးတွေကို လွန်းဆက်ပဲဖြစ်ဖြစ် ၊ တစ်ယောက်ယောက်ကပဲ

ဖြစ်ဖြစ် သာဓကလေးတွေနဲ့ ထုတ်နှုတ်ထောက်ပြရင် တော်တော်ကောင်းမှာပါပဲ။ နောက်တစ်ခုက `လွတ်လပ်တဲ့ အရေးအသားပုံသဏ္ဍာန်´ မဟုတ်တဲ့ `လွတ်လပ်တဲ့အကြောင်းအရာ´။ အကြောင်းအမျိုးမျိုးကြောင့် ပရင့်တ်မှာ ရေးသားတင်ပြလို့ရတာပဲ။ ရနေတာပဲ။ စည်းမဲ့ကမ်းမဲ့ ညစ်ညမ်းစာမဟုတ်တဲ့ အကြောင်းအရာ အရေးအသားတွေဟာ

အွန်လိုင်းမှာ ဖေါ်ပြလို့ ပိုအဆင်ပြေတယ်မဟုတ်လား။ ဒါဟာလည်း `လွတ်လပ်မှု´ တစ်မျိုးပဲပေါ့။ `အကြောင်းအရာ´

လွတ်လပ်မှု။ အွန်လိုင်းမီဒီယာရဲ့ အတိုင်းအတာတစ်ခုအထိ လွတ်လပ်မှုကြောင့်ရရှိနိုင်တဲ့ အခွင့်အရေးတစ်ခုပေါ့။ ဒီ

အကြောင်းအရာပိုင်းဟာလည်း ခေတ်ပြိုင်ကဗျာနဲ့ ပတ်သက်ကောင်း ပတ်သက်နေမှာပါပဲလေ။

၎။ `ခေတ်ပြိုင်အရေးအသားတွေအားကောင်းဖြစ်ထွန်းနေတဲ့ အွန်လိုင်းမီဒီယာ´

`အွန်လိုင်းမီဒီယာကို အသုံးချသွားနိုင်တဲ့ နောက်ပိုင်းကျတော့ ခေတ်ပြိုင်ကဗျာရေးသူတွေဟာ အုံနဲ့ကျင်းနဲ့ ထွက်ပေါ်လာ တယ်´

`အွန်လိုင်းပေါ်မှာ ခေတ်ပြိုင်ကဗျာတွေအားကောင်းနေ´

`ဒီခေတ်ပြိုင်ကဗျာ ဒုတိယမျိုးဆက် (A Group) ရဲ့ အွန်လိုင်းကဗျာစာပေလှုပ်ရှားမှုတွေ . . . . မြန်မာကဗျာလောကကို

အထိုက်အလျှောက်လှုပ်ခတ်စေခဲ့ပါတယ်´

`သူတို့ရဲ့ အရေးအသားတွေဟာ ခေတ်ပြိုင်ကဗျာမျိုးဆက်သစ်တွေအတွက်ပြင်းထန်တဲ့ နှပ်ကြောင်းပေးမှုကိုတော့ ပြုနိုင်ခဲ့တယ်ဆိုရမှာပါပဲ´

`ဒုတိယမျိုးဆက် (B Group) ရဲ့ ခေတ်ပြိုင်ကဗျာ တရားလွန်ဖွံ့ဖြိုးမှု . . . ´

`ဒုတိယမျိုးဆက် (B Group) ရဲ့နောက်ပိုင်းမှာ ခေတ်ပြိုင်ကဗျာရေးသူတွေဟာ အပြတ်အလပ်မရှိတော့ဘဲ တစ်စပ်ဆက်တည်းစီးဆင်းလာတဲ့ သဘောကို တွေ့ရပါတယ်´

လွန်းဆက်ဟာ `အွန်လိုင်း´ နဲ့ `ခေတ်ပြိုင်´တွဲချိတ်တဲ့နေရာမှာ တော်တော်လေးရဲရဲတင်းတင်းတွေပြောထားတာပဲ။ `အားကောင်းဖြစ်ထွန်း´၊`အုံနဲ့ကျင်းနဲ့´၊`အားကောင်းနေ´၊`လှုပ်ခတ်´၊ `ပြင်းထန်တဲ့ နှပ်ကြောင်းပေး´၊`တရားလွန်ဖွံ့ဖြိုးမှု´၊ `အပြတ် အလပ်မရှိတော့ဘဲ တစ်စပ်ဆက်တည်းစီးဆင်းလာ´။

ကျွန်တော့်အနေနဲ့တော့ အွန်လိုင်းမီဒီယာရဲ့ လွတ်လပ်မှုအတိုင်းအတာအရ ရေးသားတင်ဆက်လာတာကို လက်ခံပေမယ့် လွန်းဆက်ပြောသလောက် `ခေတ်ပြိုင်ကဗျာ´ တွေ ၊ `ခေတ်ပြိုင်ကဗျာဆရာ´တွေဟာ အွန်လိုင်းပေါ်အဲသလောက်ရှိကြသလားဆိုတာ ကို သိပ်ဘ၀င်မကျနိုင်သေးပါဘူး။ လွန်းဆက်ထုတ်ပြတဲ့ နာမည်တွေကို လိုက်ရှာပြီး သူတို့ရေးတဲ့ ကဗျာတွေကို ဖတ်ကြည့်မှပဲ သိနိုင်မှာ ဖြစ်ပါတယ်။

ပြီးတော့ လွန်းဆက်ရဲ့ ဆောင်းပါးမှာ လွန်းဆက်ရဲ့အားမလိုအားမရတဲ့ လေသံတွေတွေ့မိပါတယ်။ အွန်လိုင်းမှာ ခေတ်ပြိုင် ကဗျာတွေ `အုံနဲ့ကျင်း´ `အားကောင်း´ နေပေမယ့် ပရင့်တ်ပေါ် (မဂ္ဂဇင်းစာမျက်နှာပေါ်) မရောက်(နိုင်) ကြသေးတဲ့ကိစ္စ။ လွန်းဆက်က ပရင့်တ်ပေါ်ရောက်စေချင်တဲ့ ဆန္ဒ အရမ်းရှိတယ်ထင်ပါတယ်။ `အွန်လိုင်းကို ၀န်းရံ ၊ ပရင့်တ်ကို ၀င်လုံး´ ချင်တာများလား။ ကျွန်တော့် အနေနဲ့ကတော့ လွန်းဆက်ပြောတဲ့ ခေတ်ပြိုင်ကဗျာတွေ ပရင့်တ်မှာ များများဖေါ်ပြခံရရင် ကောင်းတာပေါ့။ ဒါပေမယ့် ၊ အထက်မှာပြော ခဲ့တာရှိသလို အွန်လိုင်းကဗျာလောကကို ပရင့်တ်ကဗျာ လောကနဲ့ ပြိုင်ဘက်မဟုတ်ပဲ alternative space အနေနဲ့ ဖွံ့ဖြိုးလာတာ မြင်ချင်ပါတယ်။ အဲဒီအတွက် ပရင့်တ်ပေါ်မရောက်လည်း ကိစ္စ မရှိဘူးလို့ဆိုလိုချင်ပါတယ်။ အွန်လိုင်းကဗျာလောက ဖွံ့ဖြိုးလာတာနဲ့အမျှ အသိအမှတ်ပြုခံရမှာဖြစ်ပါတယ်။ ကောင်းရင်ကောင်းသလို ပေါ့။ ကောင်းပြီဆိုရင် အွန်လိုင်းကဗျာ ကွန်မြူနတီတင်မက ပရင့်တ်သမား တွေပါရှာကြံ ဖတ်လာကြမှာပဲဖြစ်ပါတယ်။

အွန်လိုင်းလွတ်လပ်မှုနဲ့ ပတ်သက်လို့ပြောချင်တာက စည်းမျဉ်းစည်းကမ်း သတ်မှတ်ထားတာတွေမရှိပေမယ့် ကိုယ့်စည်းကိုယ် စောင့်စရာလေးတွေတော့ ရှိကြတာပဲပေါ့။ အွန်လိုင်းပေါ်မှာ မဖွယ်မရာတွေ ၊ မလိုတမာတွေ ၊ မလိုမုန်းတီးမှုတွေ တက်ရေးကြတာရှိသလို ကိုယ့်စည်းကမ်းလေးနဲ့ ကိုယ်ကဗျာကိစ္စကို လေးလေးနက်နက်လုပ်နေကြတာလည်း တွေ့မြင်နေရပါတယ်။ ကျွန်တော့်အနေနဲ့ လော လောဆည် အနီးစပ်ဆုံးပြောရရင် ဟန်လင်း ၊ တေဇမင်းဂေါင် ၊ မောင်နေမြဲနဲ့ ပမ်စကူးတို့ လုပ်နေကြတာကြိုက်ပါတယ်။ မကြာသေးမီက ကဗျာပြိုင်ပွဲဆိုတာလည်း အွန်လိုင်းမှာ တွေ့လိုက်ရပါသေးတယ်။ ပြီးတော့ ၊ ဘာမှမကြားတော့ပြန်ဘူး။ အွန်လိုင်းရဲ့ လွတ်လပ်မှုကြောင့် ဘယ်သူမဆို ဘာလုပ်လုပ်ရပေမယ့် အဲဒီ လွတ်လပ်မှုကပဲလူကို ပြန်ချုပ်ပါတယ်။ ဘာနဲ့လဲဆိုတော့ ယုံကြည်မှု Trust ၊ ရိုးဂုဏ် Honesty ၊ နဲ့ ရရှိထားတဲ့ နာမည်ကောင်း Reputation တို့ဖြစ်ပါတယ်။ အွန်လိုင်းစောင့်နတ်မင်းကြီးတွေလည်းရှိတယ်ထင်တယ်။ တက်လာရင် ဖဲ့လိုက်မယ်ဆိုတာတွေ။ အမျိုးမျိုးပေါ့။ အခုတလောစိတ်ဝင်စားဖို့ကောင်းတာက မောင်ချာလီဆိုသူပါပဲ။ မောင်ချာလီဟာ တော်တော်လေးအဆဲသန်သလောက် ကဗျာ အကြောင်းကောင်းကောင်းရေးတတ်သူလည်းဖြစ်ပါတယ်။ အွန်လိုင်းမီဒီယာ ရဲ့ free space ပေါ်မှာ အနောနီမတ်စ် anonymous အမည်မဖေါ်လိုသူတစ်ဦးအနေနဲ့ ရေးလို့ရသလို နာမည်ဝှက်နဲ့လည်းရေးလို့ရပါတယ်။ ကဗျာနဲ့ ပတ်သက်လို့ လေးလေးနက်နက်နဲ့ ကောင်းရာမွန်ရာကို တလေးတစားနဲ့ ကောင်းကောင်းမွန်မွန်ရေးရင် လက်ခံကြိုဆိုအားပေး ဂုဏ်ပြုရမှာပါပဲ။ အွန်လိုင်းမှာလည်း ကဗျာအကျိုးသယ်ပိုးလို့ရတာပါပဲ။

အထက်ပါ အွန်လိုင်းကိစ္စ ၊ အွန်လိုင်းကဗျာကိစ္စတွေဟာ အငြင်းပွားစရာလေးတွေဖြစ်နေတဲ့အတွက် ကျွန်တော်ချဉ်းကပ်လေ့ လာမိသလောက်နဲ့ နားလည်သလောက်ဝင်ပြောကြည့်တာပဲဖြစ်ပါတယ်။ မှားတာမဟုတ်တောင်မှ မမှန်သေးတာတွေ ၊ လစ်ဟာတာ မဟုတ်တောင်မှ လိုနေသေးတာတွေရှိမှာ သေချာပါတယ်။ ပသို့ဆိုစေ၊ ကောင်းရာမွန်ရာ စေတနာနဲ့ အခုလို ရေးသားတင်ဆက်လိုက်တာပဲဖြစ်ပါတယ်။ ဖြည့်စွက်ဆွေးနွေးခွင့်လည်းရှိပါတယ်။ ။

ဇေယျာလင်း
14 – Aug – 12

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>