အမေရိကန်နိုင်ငံ ၊ အိုကလာဟိုးမားတက္ကသိုလ်ရဲ့ ၂ လတစ်ကြိမ်ထုတ် WLT – World Literature Today မဂ္ဂဇင်းရဲ့ January/February 2012 (Vol. 86, No.1) issue မှာ James Byrne ရဲ့ essay တစ်ပုဒ် ပါရှိတာဖတ်လိုက်ရပါတယ်။ Burmese Poetry: Tectonic Shifts ခေါင်းစဉ်နဲ့ဖြစ်ပါတယ်။

ဒီအက်ဆေးရဲ့ အကျဉ်းရုံးကတော့ မြန်မာကဗျာသမိုင်းကြောင်းရဲ့ အရွေ့တွေဖြစ်ပါတယ်။ ပထမဆုံးအရွေ့ကတော့ ´ခေတ်စမ်း´။ ပြီး `စာပေသစ်´။ ပြီး `ခေတ်ပေါ်´။ ၂၁ ရာစုအရွေ့ကိုတော့ `Language – oriented / postmodern´ လို့ရေးသား ဖေါ်ပြပြီး အခုဒီအရွေ့ကို ထပ်ခွဲခြမ်းစိပ်ဖြာကြည့်ရင် နောက်ထပ်အရွေ့တစ်ခုထွက်ကောင်းထွက်လာနိုင်တယ်လို့ဆိုပါတယ်။ သူ့အက်ဆေးရဲ့ နိဂုံးစာပိုဒ်မှာ ဖေါ်ပြထားတာဖြစ်ပြီး ဒီ concluding paragraph ကိုမူရင်း အင်္ဂလိပ်ဘာသာစကားနဲ့ ဖေါ်ပြလိုက်ပါတယ်။
Zeyar Lynn’s administering of language poetry in Burma is often confused with the term ‘postmodern’, and the hybridization or pulling apart of these two delicate strands could yet bring about the next shift in a series of movement that have brought Burmese poetry into the twenty – first century. This could be the most exciting shift of all and unwittingly, perhaps, the political arena is not exempt from influencing change in this case. As poetry has taught us throughout history , in many countries, from the Russian moderns to the “Misty” poets of China, the more inventive poetry is in honoring and transforming tradition – while avoiding the political censor –– the more extraordinary it can be.
“(မြန်မာ) ဗမာ (ကဗျာလောက)ထဲ ဇေယျာလင်း တင်သွင်းလိုက်တဲ့ ဘာသာစကားကဗျာကို `ပို့စ်မော်ဒန်´ဆိုတဲ့ အသုံးအနှုံးနဲ့ ရောထွေးပြီး နားလည်နေကြတာ (တွေ့ရပါတယ်)။ ဒီသိမ်မွေ့တဲ့ အမျှင် ၂ခုကို ဟိုက်ဘရစ်ဒ်ဖြစ်စေ ၊ သီးသန့်စီ ဆွဲထုတ်လိုက်ရင်ဖြစ်စေ၊ (မြန်မာ)ဗမာကဗျာကို ၂၁ရာစုထဲ သယ်ဆောင်လာတဲ့ လှုပ်ရှားမှု အစဉ်ထဲက နောက်ထပ်အရွေ့တစ်ခုထွက်ကောင်းထွက်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအရွေ့လည်းဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လာဖို့ နိုင်ငံရေးလောက (အနေအထား) ကလည်းမရည်ရွယ်ပဲ ဩဇာသက်ရောက်ကောင်းသက်ရောက်ပါလိမ့်မယ်။ ရုရှမော်ဒန်ကဗျာဆရာတွေကအစ တရုတ် `မြူနှင်း´ ဂိုဏ်း ကဗျာဆရာတွေအထိ ၊ တိုင်းပြည်တော်တော်များများမှာ ရှိရင်းစွဲကဗျာအစဉ်အလာရဲ့ ဂုဏ်ကို ထိမ်းလည်းထိမ်းသိမ်းပြီး အသွင်ပြောင်း လဲမှုတွေကိုလည်း တီထွင်ပြုလုပ်လေ ၊ တစ်ချိန်တည်းမှာ နိုင်ငံရေးဆင်ဆာကိုလည်းရှောင်လေ ၊ ကဗျာဟာ ပိုမိုထူးခြားဆန်းပြားလေ ဖြစ်မယ်ဆိုတာ သမိုင်းတစ်လျှောက်မှာ ကဗျာဟာ မိမိတို့ကို သွန်သင်လမ်းညွှန်ပြသခဲ့ပြီးဖြစ်ပါတယ်။”
တကယ်တော့ ဒီကိစ္စကို James ရယ်ကျွန်တော်ရယ် လန်ဒန်ပါနက်ဆပ်စ်ကဗျာပွဲတော်အပြီး Ledbury မြို့မှာ ကျင်းပနေတဲ့ ကဗျာပွဲတော်ဆီအသွား ၊ ရထားပေါ်မှာ သူကျွန်တော့်ကို ဒီအက်ဆေးပြခဲ့တာဖြစ်ပါတယ်။ ဖတ်ပြီးတုန့်ပြန်ချက်တစ်ခုခုပေးပါဆိုလို့ ကျွန်တော်ဖတ်လိုက်ပါတယ်။ အက်ဆေးတစ်ပုဒ်လုံးနီးပါးဟာ ၂၀ ရာစု မြန်မာကဗျာသမိုင်းကြောင်းတွေဆိုတော့ သူ့အနေနဲ့ အချက် အလက်ပြန်တင်ပြတာလောက်ပဲဖြစ်ပါတယ်။ ကျွန်တော်စိတ်ဝင်စားတာက အထက်ဖေါ်ပြပါ နိဂုံးစာပိုဒ်ထဲက သူ့ထင်မြင်ချက်။ ဟုတ်တော့ ၊ ဟုတ်ပါတယ်။ ဒါပေမယ့် ၊ ပြောရခက်တယ်လို့ပဲကျွန်တော်သုံးသပ်ဖြေကြားလိုက်ပါတယ်။ ကျွန်တော့်အဖြေဟာ ဒီတစ် ကြောင်းတည်းမို့လို့ သူကျေနပ်ပုံမပေါ်ခဲ့ပါဘူး။ အဲတော့ ကျွန်တော်ဆက်ပြောလိုက်တယ် ၊ ဒီကိစ္စက ပြောစရာအများကြီးလိုသေးတယ် လို့။ သူရန်ကုန်ကို အောက်တိုဘာလထဲမှာလာဖို့အကြောင်းလည်းရှိနေတော့ ရန်ကုန်ရောက်မှပဲ ဆက်ပြောကြတာပေါ့လို့ပဲ ပြောပြီး စကားကိုဖြတ်လိုက်ပါတယ်။
James ရဲ့ သုံးသပ်ချက်ကိုပြန်ကြည့်ရင် အောက်ပါအချက်တွေ တွေ့ရမှာဖြစ်ပါတယ်။
၁။ ဘာသာစကားကဗျာ LP နဲ့ `ပို့စ်မော်ဒန်´ အသုံးအနှုံးရောထွေးနားလည်နေကြခြင်း။
၂။ နောက်ထပ်အရွေ့တစ်ခုဖြစ်ဖို့ ဘာသာစကားကဗျာနဲ့ ပို့စ်မော်ဒန် (ကဗျာ) ဟိုက်ဘရစ်ဒ်ပြုပေါင်းစပ်ခြင်း။
၃။ သို့မဟုတ် ၊ ဘာသာစကားကဗျာနဲ့ ပို့စ်မော်ဒန် (ကဗျာ) ကို သီးသန့် /သီးခြားခွဲထုတ်
၎။ ဒီလိုအရွေ့တစ်မျိုးထပ်ပေါ်လာဖို့ အကျိုးသက်ရောက်စေမယ့် အရာတွေထဲမှာ နိုင်ငံရေးအနေအထားကို ပယ်လို့မရခြင်း။
နံပါတ် (၁) နဲ့ပတ်သက်လို့ ပြောရရင် ဘာသာစကားကဗျာဆိုတာဘာလဲ ၊ ပို့စ်မော်ဒန်ကဗျာဆိုတာဘာလဲ ၊ ဆိုတဲ့ ၂ ချက်ကို ခွဲထုတ်ရှင်းပြရမှာဖြစ်ပါတယ်။ ဘာသာစကားကဗျာ LP နဲ့ ပတ်သက်လို့ ကျွန်တော် အခြေခံလောက်ပဲရှင်းပြနိုင်ခဲ့ပါတယ်။ အမေရိကန်မှာ ကို LP ဟာ ကျယ်ဝန်းရှုပ်ထွေးတဲ့ ကိစ္စဖြစ်ပြီး အခု နှစ် ၃၀ ကျော်ပြီးတဲ့အထိ ဝေဖန်သုံးသပ်ဆွေးနွေးပြောဆိုနေကြရတုန်းပါပဲ။ အဲဒီ ဘာသာစကားကဗျာကို ဆက်လက်ရှင်းလင်းတင်ပြချင်ခဲ့ပေမယ့် စိတ်မရှည်ပဲ သည်းကြီးမည်းကြီးတိုက်ခိုက်ပုတ်ခတ်ခဲ့ကြလို့ ကျွန်တော် လည်း ရပ်လိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ရေးခဲ့တဲ့ ကဗျာတွေဟာ ဘာသာစကားကဗျာလားလို့မေးခဲ့ရင်မေးသူကို `ဘာသာစကား ကဗျာကို ဘယ်လိုနားလည်သလဲ´လို့အရင်ဆုံးပြန်မေးပြီးမှ သူ့အဖြေပေါ်မူတည်ပြီး စကားဆက်ပြောသင့် ၊ မပြောသင့် ကျွန်တော် ချင့်ချိန်ရတော့မှာဖြစ်ပါတယ်။ ကြားဘူးနားဝလောက်နဲ့လာအငြင်းပွား ပုတ်ခတ်တိုက်ခိုက်တာကို ရွံလွန်းလို့ပါ။ အဲဒီတော့ `ဇေယျာလင်း ရေးခဲ့တဲ့ ကဗျာတွေဟာ ဘာသာစကားကဗျာ LP တွေလား´ လို့မေးခဲ့ရင် ကျွန်တော့်ဘက်က ပြန်ရှင်းပြချင်တာက ဘာသာစကားဆိုတာ ဘာနဲ့ ဘယ်လိုဆိုတာပါပဲ။
25 January 11 တုန်းက ကျွန်တော်နဲ့ ရင်းနှီးတဲ့ ကဗျာဆရာ သူငယ်ချင်းအချို့ကို ဖိတ်ပြီး `ဘာသာစကားကဗျာနှင့် နောက်ဆက်တွဲ´ စာတမ်းကို ကျွန်တော်ရေးသားဖတ်ရှုခဲ့ပါတယ်။ အခု အလျဉ်းသင့်လို့ အဲဒီထဲက အပိုင်း ၃.၁ နဲ့ ၃.၂ကို ပြန်လည်ဖေါ်ပြလိုက်ပါတယ်။
၃.၁ ။
LP ကဗျာဆိုတာဘာလဲဆိုတဲ့ကိစ္စကိုတော့ ကျွန်တော် တော်တော်လေးရှင်းခဲ့ပြီးပါပြီ။ `LANGUAGE Poetry နှင့် အခြားကဗျာဗေဒများ´ (၂၀၀၅) ၊ `ကဗျာဘ၀ရှာတော်ပုံ´ (၂၀၀၉) ၊ နဲ့ `ချားလ်စ်ဘန်းစတိုင်းန် အင်တာဗျူး/ အရေးအသားများ´ (၂၀၀၉)စာအုပ်၃ အုပ်မှာ စုစုစည်းစည်းလေးတင်ပြခဲ့ပါတယ်။ ဒါပေမယ့် ၊ ခက် တာက အမေရိကန်မှာတင် LP ကဗျာစပေါ်လာတဲ့ ၁၉၇၁ ကနေ ဒီနေ့ ၂၀၁၁ ဇန္န၀ါရီအထိပြောလို့မဆုံး သေးဘူးဆိုတာ internet မှာ ၀င်ကြည့် လို့ရပါတယ်။ အခု ၂၁ရာစုရဲ့ ပထမဆယ်စုနှစ်မှာ အမေရိကန် မှာ ပေါ်လာတဲ့ Flarf Poetry ၊ Conceptual Poetry ၊ Elliptical Poetry ၊ New American Hybrid စတဲ့ ကဗျာသစ်တွေအကြောင်း ဖတ်ကြည့်ရင် ဘယ်ဟာမှ LP နဲ့ ကင်းတာမရှိပါဘူး ။ သူတို့ဆီမှာတင်ဆောင်း ပါးတစ်ပုဒ် ၊ စာတမ်းတစ်ဆောင် ၊ စာအုပ်တစ်အုပ်နဲ့ရှင်းလို့ မပြီးနိုင်အောင် ကျယ်ပြန့်နက်ရှိုင်းတဲ့သဘောရှိပါတယ်။ အလုပ် သဘောနဲ့ ပြောရရင် LP ဆိုတာကို အမေရိကန် LP (၀ါ) Language Writing ဆရာ/ဆရာမတွေပြောတာကိုပဲယူရမှာဖြစ်ပါတယ်။
၁။ “LP ကိုအဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုတည်းနဲ့ လုံလုံလောက်လောက်ဖွင့်ဆိုသတ်မှတ်လို့မရလောက်ပါဘူး။ . . . သူတို့ မှာ တူတာဆိုလို့ ဘာသာစကားကို foreground လုပ်တာပဲရှိပါတယ်။ သူတို့အတွက်ဘာသာစကားဆိုတာ အတွေ့အကြုံကို ဘာသာပြန်တာသော်၎င်း ရှင်းပြတာ သော်၎င်းမဟုတ်ပဲ ဘာသာစကားဟာ အတွေ့အကြုံ (၀ါ) တွေ့ကြုံခံစားမှုရဲ့ မူလအရင်း အမြစ်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဘာသာစကားကိုယ်တိုင်ဟာ အာရုံခံစားမှု၊ဘာသာ စကားကိုယ်တိုင်ဟာ တွေးခေါ်သိမြင်မှုဖြစ်ပါတယ်။ . . . ဘာသာစကားဟာသိမှုရဲ့ကြားခံ Medium တင်မကပဲ သိမှုတည်ဆောက်မှုထဲမှာ ပါဝင်ဖွဲ့စည်းနေတာဖြစ်တယ်။ . . . ဒီကဗျာပေါင်းချုပ်လေးဟာ LP ကဗျာရဲ့ထွေပြား ခြားနားမှုနဲ့ အရည်အသွေးတန်ဘိုးအားလုံးကို မဖေါ်ပြနိုင်ပါဘူး´´။ (Douglas Messerli တည်းဖြတ်တဲ့ “LANGUAGE´´ Poetries : An Anthology (1987) ကဗျာပေါင်းချုပ်ပါအမှာစာမှ)
၂။ “LP . . . ဟာ တွေ့ကြုံခံစားမှုကို ဗဟိုပြုတဲ့ကဗျာအမျိုးအစားကနေ ဘာသာစကားကို ဗဟိုပြုတဲ့ ကဗျာအမျိုး အစားဘက်လှည့်လိုက်တာဖြစ်တယ်။ . . . LP ဟာဘာသာ စကားသုံးနယ်ပယ်အမျိုးမျိုးရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ကဗျာဗေဒကို အထူးအာရုံပြုတယ်။ . . . Expressivism (တွေ့ကြုံခံစားမှု) ဖွင့်ဟဖေါ်ထုတ်ခြင်းကိုတုန့်ပြန်တဲ့အနေနဲ့ ပုံသဏ္ဍာန်အသစ်တွေ တီထွင်သုံးစွဲလာတယ်။ စကားပြေပုံသဏ္ဍာန်သစ် ၊ စုပေါင်းဖွဲ့စပ်ခြင်း ၊ နည်းစနစ်တစ်ခုခုကို သုံးစွဲခြင်း ၊ ကော်လာဂ်ျပြုလုပ်ခြင်း ၊ တစ်ကြောင်းနဲ့ တစ်ကြောင်းအဆက်အစပ်မဲ့ခြင်း ၊ စကားသံတစ်ခုမကထည့် သွင်းသုံးစွဲခြင်း ၊ ရုရှပုံသဏ္ဍာန်ဝါဒရဲ့ `ဆန်းအောင် လုပ်ခြင်း´ အပါအ၀င်ဖြစ်တယ်။ ဒီနည်းတွေသုံးခြင်းဟာ လစ်ရစ်က်ကဗျာရဲ့ `I/ငါ´နဲ့ လစ်ရစ်က်ကဗျာထဲက ပြောနေတဲ့အသံ Voice တို့ကို တမင်ဖျက်ခြင်းဖြစ်တယ်။( ဒီလို ဖျက်ကြတာဟာလည်း Post – Structuralism ရဲ့ Subject နဲ့ Subjectivity အမြင်/အယူအဆ/ theory တွေ ကြောင့်ပဲဖြစ်ပါတယ်။). . . LP မှာသုံးတဲ့ ဘာသာစကားအသုံးအနှုံးတွေ ၊ `ဆန်းအောင်လုပ်ခြင်း´ တွေဟာ အဓိပ္ပါယ် ရဲ့လူမှုအခြေခံကို ဝေဖန်ချင်လို့ဖြစ်တယ်။ ဆိုလိုတာက သုံးဖန်များလာလို့ Sign တွေဟာ ဘယ်အတိုင်း အတာအထိဆက်စပ်ဝန်းကျင်တစ်ခုမဟုတ်တစ်ခုနဲ့ပဲပတ်သက်တော့တယ်ဆိုတာကိုစူးစမ်းဖို့ဖြစ်တယ်။ . . . ဆင်ခြင်တုံတရား (စိတ်)ရဲ့ ရုပ်ဒြပ် ပုံသဏ္ဍာန်ဖေါ်ဆောင်မှုဟာ LP ရဲ့ မိုးကုတ်စက်ဝိုင်း ဖြစ်တယ်။´´
(Jerome Rothenburg နဲ့ Pierre Jorris တို့တည်းဖြတ်တဲ့ `Poems For the Millennium ´ (1998) မှ)
၃။ “LP သမားတွေမှာ ကဗျာဗေဒနဲ့ ပတ်သက်လို့ အများပြည်သူရှေ့မှောက်မှာချပြပြီး ဆွေးနွေးပြောဆိုလိုတဲ့ဆန္ဒတွေ ဖြစ်လာတယ်။ အဲသလိုဆွေးနွေးပြောဆိုကြဖို့အတွက်ဘာအကြောင်းအရာတွေချပြရမလဲ။ အဲဒီအကြောင်းအရာတွေ ပေါ်မှာတူညီမှုရှိကြတယ်။ . . . ပကတိအရှိတရားရဲ့ သဘောသဘာဝ။ တသီးပုဂ္ဂလလူသားရဲ့ သဘောသဘာဝ။ ပကတိအရှိတရားနဲ့ တသီးပုဂ္ဂလလူသားတို့ကိုပါဝင်ဖွဲ့စည်းတဲ့ ဘာသာစကားရဲ့ အခန်းကဏ္ဍ။ အဓိပ္ပါယ်ရဲ့ သဘော သဘာဝ။ ဘာသာစကားရဲ့ရုပ်ဒြပ်။ စာပေအနုပညာရဲ့ ပုံစံနဲ့တန်ဘိုး။ နည်းစနစ်ရဲ့ လုပ်ငန်းဆောင်တာနဲ့ အခန်း ကဏ္ဍ။ ရေးသူနဲ့ ဖတ်သူဆက်ဆံရေး။ . . . ဒါတွေကိုလျော့တွက်လို့မရဘူး။´´
(Ron Silliman တည်းဖြစ်တဲ့ ` In the American Tree ´: LANGUAGE, Realism, Poetry (1986) မှ)
၎။ “LP ဟာ Post – structuralist တွေရဲ့ မိမိအတ္တ self ပေါ်ထားရှိတဲ့အမြင်ကိုလက်ခံတယ်။ ဒီ Self ဆိုတဲ့ မိမိအတ္တ ဟာ တစ်ခုမကဖြစ်တယ်။ ရွေ့နေတယ် ၊ ရှေ့နောက်မညီပဲဆန့်ကျင်တဲ့ သဘောလည်းဆောင်တယ် ၊ ဘာသာ စကားနဲ့ discourse ရဲ့ အကျိုးသက်ရောက်မှုကိုခံရတယ်။ LP ဟာခေတ်ပြိုင် subject (လူမှုကတ္တား/` I´) ရဲ့ စေ့စပ်လို့မရတဲ့ ၊ အစဉ်ပိုင်းဆကွဲထွက်နေတဲ့ သိစိတ်ကိုနေ့စဉ်သုံးဘာသာစကားရဲ့ ဖန်တရာတေမှုနဲ့ပဲ ဖေါ်ပြဖို့ ကျိုးစားတယ်။ ဒါဟာ LPရဲ့ (hyper) realism သစ်ဖြစ်တယ်။ LPဟာရေးသားခြင်း/အရေးအသားကို ဝေဖန်ပိုင်းခြား မှုပါဝင်ဖြစ်ပေါ်စေတဲ့ဖြစ်စဉ်လို့သဘောထားတယ်။ အချောသပ်ပစ္စည်းလို့သဘောမထားဘူး။ LP ဟာ ဖတ်သူရဲ့ ပူးပေါင်းပါဝင်မှုကို ဖိတ်ခေါ်တယ်။ ဖတ်သူရဲ့ အဓိပ္ပါယ်ပြုလုပ်မှုကို အားပေးတိုက်တွန်းတယ်။ . . . ဒီနည်းတွေနဲ့ ဖတ်သူကိုလူ့အဖွဲ့အစည်းထဲ ပါဝါနဲ့ ခွင့်ပြု/ပိတ်ပင်ထားတာတွေကိုသိမြင်စေတယ်။´´
(Bob Perelman ရဲ့ `Language Writing and Literary History ´ (1996) မှ)
၅။ “Language writing (poetry) ဟာကဗျာအရေးအသားတစ်မျိုးတည်းကို ဆိုလိုတာမဟုတ်ပဲ နယ်ပယ်အပိုင်း အခြားတစ်ခုအတွင်းမှာရှိတဲ့ အမျိုးမျိုးသောအရေးအသားတွေဖြစ်တယ်။ ဒီအရေးအသားတွေဟာ (ရံဖန်ရံခါ) တစ်ခုခုကို တိတိကျကျမရည်ညွှန်းဘူး ၊ (တစ်ခါတစ်လေ)၀ါကျအထားအသိုအမျိုးမျိုးကို သုံးစွဲတယ် ၊(တစ်ခါတစ်ရံ) နည်းစနစ်တစ်ခုခုကို တိတိကျကျချမှတ်ပြီး ဖွဲ့စည်းတည်ဆောက်တယ် ၊ (များသောအားဖြင့်) နိုင်ငံရေးအယူဝါဒကို ယုံကြည်လက်ခံတယ် ၊ (အချို့နေရာတွေမှာ) သီအိုရီဘက်တိမ်းတယ် ၊ (အချို့ကိစ္စတွေမှာ) စာပေအနုပညာထဲက `I/ ငါ´ ကိုဝေဖန်တယ်။´´ (Bob Perelman ရဲ့ အထက်ပါအက်ဆေးမှ)
၃.၂
ကျွန်တော်ရေးခဲ့တဲ့ကဗျာအားလုံးဟာ LPကဗျာတွေပဲလားဆိုတာပြောရခက်ပါလိမ့်မယ်။ အထက်က အပိုင်း ၃.၁ မှာပြောခဲ့ သလိုပါပဲ။ LP ကဗျာဟာကျယ်ပြန့်ပြီး LPကဗျာရဲ့ နည်းစနစ်တွေ ၊ နည်းပညာတွေဟာလည်း အမျိုးမျိုးအစားစားရှိတော့ ကျွန်တော့်ကဗျာ တွေဟာ LPဟုတ်မဟုတ် ၊ စစ်မစစ်ဘယ်ပေတံနဲ့တိုင်းမလဲ။ ကျွန်တော်ဟာ LPကိုတွေ့ရှိပြီးရင်းနှီးအောင်ချဉ်းကပ်ကြည့်တဲ့အခါ ကျွန်တော့်သိမှုအခံနဲ့ ကဗျာဆိုင်ရာ အကြိုက်အခံတို့ကိုပစ်ပယ်လို့မရခဲ့ပါဘူး။ အဲဒီမှာ ကျွန်တော်နားလည်လို့လည်းကြိုက်တဲ့ LP သမား တွေဟာ Charles Bernstein ၊ Bob Perelman ၊ Ron Silliman ၊ Barrett Watten နဲ့ Lynn Hejinian တို့ဖြစ်ပါတယ်။ သူတို့လုပ်နေ တာကို ကျွန်တော်နားလည်ခံစားလို့ရတယ်။ ဒါပေမယ့် သူတို့ရေးသမျှအားလုံးကို ကျွန်တော်နားလည်တယ် ၊ ကြိုက်တယ်လို့မဟုတ်ပါ ဘူး။ အခြား LP ကဗျာသမားတွေ ( Silliman ရဲ့ ပေါင်းချုပ်ထဲမှာ စုစုပေါင်း ၄၀ ၊ Messerli ရဲ့ ပေါင်းချုပ်မှာ စုစုပေါင်း ၂၀) ကို ကျွန်တော် အကြိုက်မတွေ့ပါဘူး။
ဘယ်ကဗျာရေးသူမဆိုကျင့်သားမရခင် Model ယူရတာချည့်ပဲဖြစ်ပါတယ်။ ဒီ Model ကိုယူပြီးရေးကြည့်ပြီးကိုယ့်ဖါသာကိုယ် ရေးနိုင်တော့မှပဲ ဒီ Model ကိုပုံသဏ္ဍာန်ပြောင်းတာဖျက်တာတွေ ၊ Model အသစ်ရှာတာတွေ ၊ ကိုယ်တိုင်အသစ်စမ်းရေးကြည့်တာတွေ ဖြစ်လာပါတယ်။ ကျွန်တော်ယူတဲ့ Model ကဗျာတွေဟာ Charles Bernstein နဲ့ Bob Perelman တို့ဆီက အဓိကဖြစ်ပါတယ်။ အခြား တွေဆီက နားလည်သလောက်ယူပြီး ပေါင်းစပ်တာတွေလည်းရှိပါတယ်။ LP ကဗျာမှာကိုက LPကဗျာရေးနည်းဆိုပြီး နည်းသက်သက်မရှိ ပါဘူး။ ရည်ရွယ်ချက်နဲ့ စမ်းသပ်မှုကိုလိုက်ပြီးနည်းအမျိုးမျိုးရှိပါတယ်။ အဲဒီလို နည်းအမျိုးမျိုးထဲက ကျွန်တော့်ရှိရင်းစွဲဓါတ်ခံနဲ့ တည့်တဲ့ ဟာတွေ ယူသုံးပါတယ်။ ကော်လာ့ဂ်ျ ၊ List poem နဲ့ disjunctive strategies တွေများပါတယ်။ အဲဒါကြောင့်ပဲ ကျွန်တော့်ကဗျာတွေကို LPကဗျာတွေလို့ခေါ်မလား။ LP ကဗျာစစ်စစ်ထုတ်ပြပါဆိုရင် အမေရိကန် LP ဆရာ/ဆရာမကြီးတွေတောင်ခေါင်းစားသွားနိုင်ပါတယ်။ ဒါဟာLP ကိုတကယ်မသိလို့ရေးသားပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။ စံပေတံတစ်ချောင်းလို တိတိကျကျသတ်မှတ်ထားတဲ့ ` LP ကဗျာ ဟာဒါမှဒါ´ ဆိုတာမျိုးမှ မရှိတာပဲ။ ခေတ်ပေါ်ကဗျာစစ်စစ်ဆိုရင်ဘယ်ဟာက စံညွှန်းအဖြစ်ထားရမလဲ။ မောင်ချောနွယ်ကဗျာတွေထဲက တောင်မှ ဘယ်ကဗျာကမှ ခေတ်ပေါ် ကဗျာစစ်စစ်လို့ပြောလို့ရမလဲ။ အဲဒီတော့ အလွန်ဆုံးရှိရင် LPကဗျာရဲ့ စရိုက်လက္ခဏာတွေကို သိသမျှချရေး ပြီး ကျွန်တော့်ကဗျာတွေကို အဲဒီအချက်အလက်စာရင်းနဲ့တိုက်ကြည့်စရာပဲရှိတော့တယ်။
ဒါပေမယ့် ပြောစရာတစ်ခုကျန်သေးတာက ဇေယျာလင်းဟာ LP ကဗျာဆရာလို့ သတ်မှတ်ကြတဲ့ ကဗျာဆရာအပြင် ဘာသာ ပြန်ကဗျာဆရာနဲ့ ကဗျာဗေဒဆိုင်ရာအသိအမြင် များဖြန့်ဖြူးသူလည်းဖြစ်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ Bob Perelman ပြောတာလေးပြန်ပြောပြကြည့်ချင်ပါတယ်။ အဲဒီ ၃ယောက်ဟာ တစ်ခါတစ်လေ သီးခြားစီမနေပဲ လာရောထွေးနေတတ်တာလည်းရှိ ပါတယ်။ “အကယ်၍တစ်ယောက်ယောက် ဟာသူ့ကိုသူ Language writer လို့ပြောရုံနဲ့ သူဟာ Language writer ဖြစ်သလား။ `ဖြစ်´ တယ်ဆိုရင်လည်းသူရေးသားသမျှဟာ LP တွေဖြစ်သလား။ LP အကြောင်းဆောင်းပါးတွေတင်မကပဲ ကဗျာတွေတောင်ရေးတဲ့ Jed Rasula ဆိုရင် သူ့ကိုသူ LP မဟုတ်ဘူးလို့ ငြင်း ဆိုပါတယ်။ ဒါပေမယ့် Silliman ရဲ့ LP ကဗျာပေါင်းချုပ်မှာ သူ့ကဗျာပါဝင်နေပြန်ရော။ အဲဒီတော့ ၊ တစ်ယောက်ယောက်ရဲ့ ကဗျာကို LP လို့ခေါ်ဝေါ်သတ်မှတ်လိုက်ရုံနဲ့ သူဟာ LP/ Language writer `ဖြစ်´သလား ၊ မ `ဖြစ်´ဘူးလား။´´ (Language Writing , `Literary History ´ဆောင်းပါးမှ)
အဲသလိုရှုပ်ထွေးတာတွေ ၊ နားလည်ရခက်တာတွေနဲ့ ကြုံလာတော့ နောက်ပိုင်းမှာ Language – oriented ဆိုတာကို သုံးစွဲ လာကြပါတယ်။ `ဘာသာစကားဘက်ညွတ်တဲ့နွယ်တဲ့ ´ သဘောကိုပြောတာပါ။ ကဗျာတစ်ပုဒ်ကို ဘာသာစကားကဗျာလို့သတ်မှတ်ဖို့ တိတိကျကျ သတ်မှတ်ထားချက်တွေမရှိပဲ ယေဘူယျခြုံငုံလက်ခံနားလည်ထားကြတာပဲရှိတော့ အဲဒီခြုံငုံလက်ခံနားလည်ထားကြတဲ့ အချက်တွေထဲက အချို့နဲ့ ကိုက်ညီနေရင် အဲဒီကဗျာပုဒ်ကို ဘာသာစကားဘက် ညွတ်/နွယ်တဲ့ကဗျာလို့ပဲခေါ်ပါတော့တယ်။ အထူး သဖြင့် အဲဒီကဗျာပုဒ်ထဲမှာ ဘာသာစကားကဗျာက လက်မခံတဲ့ အရာတွေ ရောထွေးပါလာရင်ပေါ့။ ကျွန်တော်ရေးခဲ့တဲ့ ကဗျာတွေမှာ လည်း အခြားဩဇာသက်ရောက်မှုတွေ မလွဲမသွေပါခဲ့ကြမှာပဲ။ ဥပမာ ၊ နျူးယောက်ဂိုဏ်းက အက်ရှဘရီနဲ့ အိုဟာရာ ၊ ဗြိတိသျှ ကိမ်းဘရစ်ဂ်ျဂိုဏ်းက ဂျယ်ရမီ ပရင်းန် ၊ ဩစတြေးလျက ဂျွန်ထရန်တာနဲ့ အာဒမ် အေ့တ်ကင်န် ၊ ပိုလန်က ဇာဂါဂျူးစကီး ၊ ပြီး . . . သောမတ်ရှ် ရှာလမွန်။ ဆိုလိုတာက ကျွန်တော့်ကဗျာတွေကို ဘာသာစကားကဗျာ LP လို့တရားသေယူဆရင် မှားသွားလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်ဟာ ကျွန်တော့်ကဗျာတွေကို Language – oriented hybrid တွေလို့ပဲခေါ်မှာပဲ။ James ပြောတဲ့ ဟိုက်ဘရစ်ဒ်လို မျိုးပေါ့။ ဒီနေရာမှာ မောင်ဒေးရဲ့ Burmese Poetry Foundation မှာ ဖေါ်ပြပါရှိတဲ့ ဆောင်းပါးထဲက အချက်အလက်တစ်ခုကို ကျွန်တော် ထောက်ခံပါတယ်။ ကျွန်တော့်ကဗျာကို model ထားပြီးလိုက်ရေးရင် LP ထက် ဇေယျာလင်းရဲ့ ကဗျာပဲဖြစ်လိမ့်မယ်ဆိုတာ။ မှန်ပါတယ်။
အခြားတစ်ချက်က ပို့စ်မော်ဒန်ကဗျာ။ ဒါဟာလည်းနည်းတဲ့ သပွတ်အူကြီးမဟုတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ LP လိုပဲ ၊ ပို့စ်မော်ဒန်ဆိုတာ ရှင်းလင်းတိကျတဲ့ အရာတစ်ခုတည်းကို ခေါ်တာမဟုတ်ပဲ ပညာရှင်အချို့ရဲ့ အယူအဆတွေကိုစုပြီး တစ်ပေါင်း တစ်စည်းခေါ်လိုက်တာပဲဖြစ်ပါတယ်။ အဲဒါကြောင့်လည်း postmodernisms လို့အများကိန်း `––s´တပ်ရေးတာတွေလည်းဖတ်ရပါ တယ်။ အငြင်းပွားချင်ပွားလို့ရတဲ့ ကိစ္စပါပဲ။ အမေရိကန်နိုင်ငံထုတ် Paul Hoover ရဲ့ Postmodern American Poetry: A Norton Anthology မှာ `ပို့စ်မော်ဒန်´ကို အမေရိကန်ကဗျာဆရာ ချားလ်စ် အိုလ်ဆင်န် ၁၉၅၁ က စတင်သုံးစွဲခဲ့တာလို့ဆိုပါတယ်။ အဲဒီတော့ အမေရိကန် ပို့စ်မော်ဒန်ကဗျာဟာ ဥရောပမှာ မပေါ်ပေါက်ခင်ကတည်းက ၁၉၅၁ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ သဘောလို့ဆိုပါတယ်။ အဖွင့်မှာလည်း ဝေဖန်ရေးဆရာ ဖရက်ဒရစ်က် ဂျေးမ်ဆင်န်ရဲ့ အယူအဆကို ဆန့်ကျင်ထားတာတွေ့ရပါတယ်။ သူ့ကဗျာပေါင်းချုပ်မှာ ပို့စ်မော်ဒန်ကို a single style `ရေးဟန်တစ်မျိုး´လို့မယူပဲ an ongoing process of resistance to mainstream ideology `မိန်းစ တရီးမ် အိုင်ဒီယော်လဂျီကို ဆက်လက်ဆန့်ကျင်နေတဲ့ ဖြစ်စဉ်´ လို့ယူပါတယ်။ modernism ကို ဆန့်ကျင်တဲ့ ကဗျာတွေလို့ သိမ်းကျုံး ခေါ်ဝေါ်ချင်တဲ့သဘောပါပဲ။ ဒါပေမယ့် ၊ ဒီပေါင်းချုပ်ထဲက ကဗျာအားလုံးဟာ ပို့စ်မော်ဒန်လားဆိုတော့ ဘယ်ပို့စ်မော်ဒန်ကိုပြောပြီး ပို့စ် မော်ဒန်ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်မလဲဆိုတဲ့ ကိစ္စဟာဖြစ်လာပြန်ရော။ နောက်တစ်ခုက ဆိုဗီယက်လွန် ရုရှကဗျာဆရာ ဒရက်ကိုမိုရှ်ချင်ကို က သူ့ကိုယ်သူ ပို့စ်မော်ဒန်ကဗျာဆရာလို့ ခေါ်ဝေါ်တာကို အမေရိကန် LP ကဗျာဆရာ ဘဲရစ်တ်ဝေါ့တင်န်က ပို့စ် မော်ဒန်မဟုတ်ဘူးလို့ ဆန့်ကျင်ပြောဆိုပါတယ်။ ပို့စ်မော်ဒန်နစ်ဇင်ရဲ့ ကျယ်ပြန့်နက်ရှိုင်းရှုပ်ထွေးမှုကိုလိုက်ပြီး ဆွဲယူပြောကြတာပဲဖြစ် တယ်လို့ပဲ နောက်ဆုံးပြောရတော့မလို။
အဲဒီတော့ James ရဲ့ ပထမအချက်ကို ပြန်သွားရရင် ဘာသာစကားကဗျာနဲ့ ပို့စ်မော်ဒန်ကဗျာကို ရောရောထွေးထွေးမြင်နေ တာဆိုတော့ ကွဲကွဲပြားပြားဖြစ်သွားအောင်ဘယ်လိုလုပ်မလဲ။ ဘာသာစကားကဗျာဟာ ပို့စ်မော်ဒန်ကဗျာအမျိုးအစားတစ်ခုမဟုတ်ဘူး လား။ ပို့စ်မော်ဒန်ကဗျာဟန်တွေ အမျိုးမျိုးရှိတယ်ထားဦးတော့ ၊ အဲဒီထဲမှာ ဘာသာစကားကဗျာမပါဘူးဆိုပြီး ဖယ်ထုတ်လိုက်ရမလား။ ခက်တာက ကျွန်တော်တို့ဆီမှာ ကဗျာအနုပညာရပ်ကို လေးလေးနက်နက်ထဲထဲဝင်ဝင် လေ့လာလိုက်စားပြီး တင်ပြမယ့် ပညာရှင်က လည်း ရှားမှရှား။ အခက်အခဲတွေကလည်း ဒုနဲ့ဒေး။ ဘာသာရပ်တစ်ခုလိုအထူးပြုလေ့လာဖို့ လိုအပ်ခြင်းကို ရင်ဘတ်နဲ့ တင်းခံခြင်း။ ဘယ်သူ့ဘယ်သူကိုမှ အပြစ်မတင်ချင်ပါဘူး။ တိုင်းပြည်အနေအထား ၊ ခေတ်အနေအထား ၊ သမိုင်းအနေအထားမှာ ပစ္စလက်ခတ် ကြုံတွေ့ရင်ဆိုင်ခဲ့ရတာတွေ။ ဘာသာစကားကဗျာနဲ့ ပို့စ်မော်ဒန်(ကဗျာ) ကို ရောထွေးနားလည်နေကြခြင်း ကိစ္စကိုတော့ ကဗျာဆရာ တစ်ဦးစီပဲ ရှင်းတတ်သလိုရှင်း ၊ မရှင်းတတ်လည်း မရှင်း ၊ ရှင်းစရာမလိုဘူးဆိုပြီး မရှင်းလည်းပဲ နေချင်နေလို့လည်းရ ၊ နေလည်းနေကြမှာပဲ။
အဲဒီတော့ အချက် (၂) နဲ့ (၃)။ ပေါင်းစပ်ခြင်းနဲ့ သီးခြားခွဲထုတ်ခြင်း။ ဘာသာစကားကဗျာနဲ့ ပို့စ်မော်ဒန်(ကဗျာ) ပေါင်းစပ်တာ ထက် ကျွန်တော်ပိုစိတ်ဝင်စားတာက ဘာသာစကားကဗျာက မေးခွန်းထုတ်ထားတဲ့ လစ်ရစ်က်ကဗျာနဲ့ ပို့စ်မော်ဒန်ပေါင်းစပ်ခြင်း။ အမေရိ ကန်မှာ နောက်ဆုံးထွက်နေတဲ့ Lyric Postmodernisms ကဗျာပေါင်းချုပ်။ လစ်ရစ်က်ကဗျာရဲ့ `ငါ´ ဗဟိုပြုခြင်းကို Post – structuralism က ငြင်းပယ်ထားတာကို ပို့စ်မော်ဒန်နဲ့ ဘယ်လိုပေါင်းစပ်ထားသလဲ။ ဘာသာစကားကဗျာနဲ့ ပို့စ်မော်ဒန်သီးခြားခွဲထုတ် လိုက်ရင် တော့ ဘာသာစကားကဗျာရဲ့ ရှေ့ဆက်မယ့်လမ်းကြောင်းနဲ့ ပို့စ်မော်ဒန်ကဗျာ(?) ရဲ့ ရှေ့ဆက်မယ့်လမ်းကြောင်း ၂ ကြောင်း ကွဲသွား မယ်ထင်ပါတယ်။ ပို့စ်မော်ဒန်ကဗျာဟန်တွေထဲက ဘာသာစကားကဗျာဟန်ကို ဖယ်လိုက်ပြီး ကျန်တဲ့ဟန်တွေကို ဆက်လက် စမ်းသပ် ရေးသားရမယ့်ပုံပဲလို့ပြောလို့ရမလား မသိဘူး။ အချက် (၄) ကတော့ ပိုတောင်ကျယ်ဝန်းသွားတဲ့အတွက် ပြောရခက်ပါလိမ့်မယ်။ အခု သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းအရဆိုရင် ကဗျာတွေလည်းလိုက်ပြောင်းလဲလာကြဖို့အကြောင်းရှိပါတယ်။ မမေ့အပ်တဲ့ ကိစ္စက တော့ ကဗျာဘာကြောင့်ရေးသလဲနဲ့ ဘယ်သူ့အတွက်ရေးသလဲ။ အဲဒီပေါ်မှာ ဘယ်လိုကဗျာမျိုးကို ဘယ်လိုရေးသလဲဆိုတာ ထပ်ပေါ် လာမယ်ထင်ပါတယ်။ `ဘာကြောင့်ရေး´ နဲ့ `ဘယ်သူ့အတွက်ရေး´ ဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေတွေပေါ်မူတည်ပြီးတော့ပေါ့။ ခေတ်ပေါ် ကဗျာ/ ခေတ်ပြိုင်ကဗျာဆိုတာကိုလည်း သတိထားရင်းပေါ့။ ပြီးတော့ ၊ ကဗျာဖတ်ပရိသတ်ရဲ့ ကဗျာပေါ်နားလည်မှု သဘောထား အမျိုးမျိုး။
ချုပ်ရရင်တော့ James ရေးသလိုပဲ ၊ ၂၁ ရာစုမြန်မာကဗျာရဲ့ ရှေ့အချိုးအကွေ့ ၊ ရှေ့အရွေ့ဟာ ဘာသာစကားကဗျာနဲ့ ပို့စ်မော်ဒန်ကဗျာတို့ရဲ့ ဆက်နွယ်ဆက်စပ်မှုပေါ်တည်နေမလား။ နိုင်ငံတကာမှာ ကွန်တမ်ပိုရာရီကဗျာတွေ ဘယ်လိုဖြစ်ပေါ်လာကြ သလဲ။ အထက်က Lyric Postmodernisms ဆိုတာမျိုးကော ဘယ်လိုရှိသလဲ။ ဒီလိုမေးခွန်းတွေဟာလည်း ခေတ်ပြိုင်မြန်မာကဗျာကို အနည်းနဲ့ အများ ထိခတ်/ တီးခတ် နိုင်လိမ့်မယ်လို့ ရေးရေးလေးဖြစ်ဖြစ်ထင်ပါတယ်။
James ဆိုတာဟာလည်း Bones Will Crow: 15 Contemporary Burmese Poets မြန်မာ -အင်္ဂလိပ် ၂ဘာသာကဗျာ စာအုပ်ကို ကိုကိုသက်နဲ့အတူ ဘာသာပြန်တည်းဖြတ်သူဖြစ်ပြီး မကြာခင်ကပဲ Blood/Sugar ကဗျာစာအုပ် (သူ့ရဲ့ ဒုတိယ) ရေးသား ထုတ်ဝေထားသူဖြစ်ပါတယ်။ SOAS မှာ Modern Burmese Poetry ကို သုတေသနပြုလုပ်နေသူလည်းဖြစ်ပါတယ်။
ဇေယျာလင်း
6 – Aug – 12