စားပွဲတင်ကမ်းခြေတစ်ဝက် ပုံစံငယ် ၊ ပင်လယ်ရေ ၆”ခန့်

(‘၈၀ ခုနှစ်များ ခင်အောင်အေးသို့)

ဖေါ်မြူလာအရပဲ နားလည်ဖို့ ရောက်ရှိလာပြန်တဲ့ညနေခင်းပေါ့
ဖြေရှင်းချက်ထက် ဆင်ခြေဆင်လက်တစ်ခုပြုဖို့
အဓိပ္ပါယ်ပျံ့လွင့်မှုကို စာရင်းစစ်တစ်ယောက်ရဲ့ မျက်လုံးနဲ့ကြည့်လို့။
ဒီထဲ ငါဘယ်လိုဝင်ရမလဲ ၊ ဘယ်လိုအတ္ထဗေဒပေါက်ထဲ လျှိုသွင်းရမလဲ
ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတစ်ခုလို ၀င်ကြေးအဖြစ် စံတုန့်ပြန်မှုလား။
အလင်းယိုပေါက်မပိတ်နိုင်တဲ့ အလင်းလွှတ်ပစ္စည်းတစ်ခုရဲ့ ဆင်းရဲမှုနဲ့ပဲ
လေထဲက ပိုးစားသစ်သီးတစ်လုံးကို ခူးဆွတ်မျောက်အုန်းသီးရလား။
မြိုသိပ်ထားမှုဟာ ဆက်သွယ်ရေးလမ်းကြောင်းများလေပြွန်ယောင်။
ပွေ့ဖက်ပြီး လက်မခံနိုင်ရင်လက်လွတ်ဆုံးရှုံးရမယ့်အပေါက်
ကြောက်စိတ်နဲ့ပဲအကြောသေ။
တစ်ချိန်တည်းမှာပဲ ခံစားမှုတစ်ခုခုရဲ့ အနေအထားဆီ
တည်ဆောက်မှုကို ဦးတည် တည်ဆောက်လိုက်တယ်
ရောဂါလက္ခဏာပဲတွေ့ပြီး ရောဂါရှာမရတဲ့အဖြစ်။ အနှစ်/ အနည်/ အရည်။
အခိုင်အမာတဲ့။ နှီးတုပ်စငြမ်းသာသာ လေပြာမှာ ခါယမ်း။
ဆိုတော့ ၊ နက္ခတ်ပညာမှာ (ငါ့) ခံစားမှုရဲ့ အခန်းကဏ္ဍဟာဘာလဲ။
အတွင်းထဲက ရေးတာလားလို့ ဖြောင့်ချက်တောင်းတယ်
ပတ်ပတ်လည်မှာ လိုချင်တဲ့ အဖြေတွေ ၊ လိုနေသေးပြီး လိုအပ်သလောက်ထက်။
ရွှဲနစ်အလံကို ညှစ်ချလိုက်တော့
ကြယ်တွေအရောင်တွေပါ ကျွတ်သွားတယ်။
တိုက်လေလားရာ အပြောင်းအလဲ ၊ သဘောထားအချိုးအကွေ့
အချို့ကိုလည်း အဲသလိုပဲ လေထဲတွဲလောင်းထားခဲ့ရ (ဘယ်သူဆွတ်ခူးမလဲ)။
နားမလည်နိုင်တဲ့ အရာကိုမှ ဘာလို့စိတ်ထဲစွဲမှတ်ထားမိ။
ပကတိအရှိတရားရဲ့ `တရားသော´ မတရားမှုတွေ
ဟန်ချက်တစ်ဘက် တက်နင်းထားတဲ့ စောင်းနင်းအနေအထိုင်တွေ
ဆဲလ်တည်ဆောက်မှုပြောင်းနေတဲ့ `သစ္စာတရား´ (အပြစ်ရှာစကား)။
အဓိပ္ပါယ်တစ်ခုကိုတိုက်ပြီးမောင်းပြေးသွားတဲ့ ခံစားမှု။
လက်ပွန်းတတီး အက်စ်တက်သစ်က်ကို လက်အိတ်နဲ့ ပွတ်သီးပွတ်သပ်
ထိလိုက်တိုင်း ငါ့ကိုနာကျင်စေတဲ့ အလှတရားကကွက်။
ဇယားကွက်မှာ လာထင်တဲ့ သိမ့်ကနဲဟာကွက်မြားပြ
အာရုံမပြုနိုင်တဲ့ အာရုံရှေ့မှောက်မှာပဲ ဒူးထောက်မိလျှက်သားပေါ့။
တိုင်းပြည်တစ်ပြည်ပေါ်အမြင်မတူကြသလို
အဆင်မတူကြတဲ့ ခိုက်ထိမှုမှာ အာရုံအာဟာရပြတ်လပ်။
နားမလည်ဘူးလို့ ပြောလိုက်ပုံကိုက
ပြူတင်းမှန်မှာ လာရိုက်သွားတဲ့ မိုးသားတွေ။

ဇေယျာလင်း
25 – July – 12

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>