လန်ဒန်ပါနက်ဆပ်စ် နိုင်ငံတကာကဗျာပွဲတော်မှာ တွေ့ဆုံရင်းနှီးခဲ့တဲ့ ကဗျာဆရာမ ၄ ဦးရဲ့ ကဗျာတွေကို ဘာသာပြန် တင်ဆက်လိုက်ပါတယ်။ တီရှာနီက အိန္ဒိယက ၊ ခရစ္စတီးနားက အက်စ်တိုးနီးယားက ၊ တာယာက ဆလိုဗီးနီးယားက ၊ နဲ့ ဗယ်လ်ဂျင်နာက ဘယ်လရု(စ်) ကဖြစ်ပါတယ်။ ၄ယောက်စလုံးဟာ သူတို့တိုင်းပြည် အသီးသီးမှာ အထင်ကရ ကဗျာဆရာမတွေဖြစ်ကြပါတယ်။ မြန်မာ ဘာသာပြန်ဆိုလိုက်တဲ့ သူတို့ ၄ ဦးရဲ့ ကဗျာ ၄ ပုဒ်ဟာ ဆိုရင် တီရှာနီရဲ့ ကဗျာကလွဲလို့ ကျန် ၃ ပုဒ်ဟာ မူလ အက်စ်တိုးနီးယား ၊ ဆလိုဗီးနီးယား နဲ့ ဘယ်လာရု(စ်)ဘာသာစကားတွေကနေ အင်္ဂလိပ်ဘာသာပြန်ဆိုထားတာတွေဖြစ်ပါတယ်။ ဒီ ၄ ပုဒ်စလုံးဟာ Southbank Centre, Poetry Parnassus နိုင်ငံတကာ ကဗျာပွဲတော် အထိမ်းအမှတ်နေနဲ့ ပုံနှိပ်ထုတ်ဝေတဲ့ ‘The World Record’ ကဗျာပေါင်းချုပ် (၂၀၁၂)မှာ ဖေါ်ပြပါရှိကြတာဖြစ်ပါတယ်။
တီရှာနီ ဒိုရှီ Tishani Doshi ဟာ ၁၉၇၅ မှာ အိန္ဒိယနိုင်ငံ မဒရပ်စ်မြို့မှာ ဖွားမြင်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ဗြိတိန်နိုင်ငံ ဝေလနဲ့ အိန္ဒိနိုင်ငံ ဂူဂျရတ်လူမျိုး နှစ်မျိုးကနေပေါက်ဖွားလာတဲ့ ဝေလ- အိန္ဒိယ ကပြားမလေးပါ။ အသားရောင် ညိုညက်ပြီး ဗိုလ်ရုပ်ထွက်တဲ့ အိန္ဒိယသူဖြစ်ပါတယ်။ ၂၀၀၆ မှာ သူမဟာ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ကဗျာပြိုင်ပွဲမှာ အကောင်းဆုံးကဗျာဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ သူမ ရဲ့ မထမဆုံးကဗျာစာအုပ်ဖြစ်တဲ့ Countries of the Body `ကိုယ်ခန္ဓာရဲ့ တိုင်းပြည်များ´ ကဗျာစာအုပ်ဟာ Forward Prize for Best First Collection ဆုရရှိခဲ့ပါတယ်။ သူမရဲ့ ဒုတိယကဗျာစာအုပ်ဖြစ်တဲ့ Everything Begins Elsewhere (2012) `အရာခပ်သိမ်းဟာ အခြားနေရာတွေမှာပဲ စတင်ကြတယ်´ကိုဗြိတိန်နိုင်ငံမှာပဲ Bloodaxe စာအုပ်တိုက်က ထုတ်ဝေတာဖြစ်ပါတယ်။ သူမရဲ့ ပထမဦးဆုံး လုံးချင်းဝတ္ထုဖြစ်တဲ့ The Pleasure Seekers `အပျော်အပါး လိုက်စားကြသူများ´(၂၀၁၀)ဟာ Hindu Fiction Award ဆုအတွက် ဆန်ကာတင်ပါရှိခဲ့ပြီး နိုင်ငံခြားဘာသာအသီးသီးသို့ ဘာသာပြန်ဆိုခဲ့ကြပါတယ်။ သူမဟာ ထင်ရှားတဲ့ dancer လည်းဖြစ်ပြီး နိုင်ငံတကာ စင်မြင့်တွေမှာ ဖြော်ဖြေတင်ဆက်ခဲ့သူဖြစ်ပါတယ်။ သူမရဲ့ The Adulterous Citizen `အိမ်ထောင်ရေးဖောက်ပြန်သူ နိုင်ငံသား´ ကဗျာ ဟာ သူမရဲ့ ဒုတိယကဗျာစာအုပ်ထဲက ဖစ်ပါတယ်။

အိမ်ထောင်ရေးဖောက်ပြန်သူနိုင်ငံသား
ကျွန်မဟာ အိမ်ထောင်ရေးဖေါက်ပြန်မှုရဲ့ မူလနေထိုင်သူ ဖစ်ပါတယ်။ မြို့တော်တစ်ခုမှာ
ကျွန်မနေထိုင်နေတဲ့အခါ အခြားမြို့တော်တစ်ခုဆီ ကျွန်မစိတ်ရောက်နေပြန်ရော။ ကျွန်မဟာ
ပြည်နှင်ဒဏ်ကျခံနေသူပါ။ ကျွန်မဟာ လွမ်းမောတသမှုရဲ့ နိုင်ငံသားပဲဖြစ်ပါတယ်။
ဆုကေသူ မေတားရဲ့ ‘Maximum City’ မှ
နောက်ဆုံးတော့လည်း
ကျောက်ပြားခင်းထားတဲ့ လမ်းရှည်ကြီးပဲရှိတော့တယ်
အဲဒီလမ်းဟာ အိမ်တစ်လုံးဆီဦးတည်တယ်
အဲဒီအိမ်မှာ မီးလုံးတစ်လုံး ထိန်လင်းနေတယ်လေ။
သင်ဘယ်တော့မှ မပိုင်ဆိုင်ရမယ့်အိမ်
ဆိုပေမယ့် ကုတင်မှာ သင့်ကိုအိပ်စေတယ်
သင့်ဆီက လိင်ဆက်ဆံမှု မတောင်းဆိုဘူး ၊
သူ့ကြောင့်အိမ်တွေထဲက သင်ကြိုက်တာယူစားစေတယ်
သင့်ဆီက ဘာပိုက်ဆံမှ မတောင်းဘူး၊
သူ့နှမ်းဖတ်ကျောက်အေးမြရေချိုးကန်ထဲမှာ
ရေဆင်းစိမ်စေတယ်
သင်ရေမနစ်စေရဘူး။
နေရဲ့ အစောဆုံးဖန်ကွဲစတွေ
မြေအောက်ခန်းပြူတင်းတွေရဲ့တရုတ်ကပ်တွေကို
တိကနဲလှီးပစ်လိုက်ပြီး
တီးတိုးစကားတစ်ခွန်းလိုနဲ့ သင့်ကို
တံတောင်နဲ့ တွက်လိုက်တဲ့အခါ
`သွားချိန်တန်ပြီ ထင်တယ်နော်´
ကော်ဇောခင်းအပေါ်ထပ် လှေခါးထစ်တွေပေါ်
သင့်သေတ္တာတွေ တရွတ်ဆွဲပြီး
အိမ်ရှေ့တံခါးပေါက်ကတစ်ဆင့်
နွေရာသီပလက်ဖေါင်းတွေပေါ်သင်ရောက်သွားတော့တယ် ။
ချစ်သူတစ်ယောက်ဆုံးရှုံးရတာ
ဘာနဲ့မှနှိုင်းလို့မရဘူး
ကလေးဘ၀ လမ်းမြှောင်လေးတွေ
ချန်ရစ်ထားခဲ့ရသလိုပဲ။
မှတ်ဥာဏ်ရဲ့ တောင်ပံတပ် နံရံတွေကို
ကုတ်ကတ်တက်ရတာဟာ
ဘာနဲ့မှ နှိုင်းလို့မရဘူး
ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေဟာ အထုပ်အပိုးတွေနဲ့
ထွက်ခွာပျောက်ကွယ်သွားကြပြီဆိုတာ သိလိုက်ရခြင်းပဲ ၊
အနာဂတ်ရှုမျှော်ခင်းတစ်ခုထဲ
ခလုတ်တိုက်လဲကျသွားတာနဲ့ ပိုတူတယ်။
အဲဒီမှာ လင်ယောက်ျားဆိုတဲ့ ၀ိဥာဉ်ဟာ
မိသားစုတစ်စုရဲ့ ဓါတ်ပုံတွေပြပြီး လှမ်းခေါ်တယ်
အဲဒါကို သင်မမှတ်မိတော့ဘူး ၊
အခြားသူတွေရဲ့ ကလေးတွေဟာ
မြက်ခင်းပေါ်ပြေးလွှားဆော့ကစားကြတယ် ၊
ဒီနေရာဆီ ၊ ဒီအရပ်ဆီ ၊ ဒီအခြေအနေဆီ ၊ ဒီအတိုင်း
သင်ပြန်လာလို့ရမယ်လို့ အယုံသွင်းရင်း ––
လက်ထဲမှာ ဘာသော့မှမရှိပဲ
မြို့တော်ကြီးတစ်ခုရဲ့ ခေါက်ရိုးထဲလဲလျောင်းဖို့ ၊
အဲဒီအချိန်မှာပဲ သင်ဟာ အခြားမြို့တော်ကြီးရဲ့
အရစ်အရစ်ထနေတဲ့ လိင်စိတ်ကြွအသက်ရှူသံကို
နားဆင်လို့ ။ ။
တီရှာနီ ဒိုရှီ
The Adulterous Citizen
ခရစ္စတီးနား အီဟင်န် Kristina Ehin ဟာ အက်စ်တိုးနီးယားနိုင်ငံ ၊ ရက်ပ္ပလာမြို့မှာ ၁၉၇၇ မှာ ဖွားမြင်ခဲ့ပါတယ်။ ပါနက်ဆပ်စ် ပွဲတော်တုန်းက ပွဲတစ်ပွဲအပြီးမှာ စင်ပေါ်မှာ ခရစ္စတီးနားက တစ်ဘက် ၊ တီရှာနီကတစ်ဘက်ရပ်နေကြတော့ ပရိသတ်ရဲ့ မျက်လုံးတွေက ခရစ္စတီးနားဆီတစ်လှည့် ၊ တီရှာနီဆီတစ်လှည့်ပေါ့။ ခရစ္စတီးနားက နှင်းလိုဖွေးဆွတ်နေပြီး ရွှေရောင်တောက်နေတဲ့ ဆံပင်တွေနဲ့ ၊ ပြီးတော့ စင်ဒရဲလားလို အဖြူရောင်ဂါဝန်နဲ့ဆိုတော့ မီးရောင်အောက်မှာ သိပ်လှတာပဲပေါ့။ သူမဟာ ကဗျာစာအုပ် ၆ အုပ်ထုတ်ပြီးပါပြီ။ အက်စ်တိုနီးယားရဲ့ အထင်ရှားဆုံး ကဗျာဆုအပြင်အခြားကဗျာဆုပေါင်းများစွာလည်းဆွတ်ခူးရရှိထားတဲ့ ကဗျာဆရာမဖြစ်ပါတယ်။ သူမရဲ့ The Drums of Silence (၂၀၀၇) `တိတ်ဆိတ်မှုရဲ့ ဗုံများ´ ကဗျာစာအုပ် အင်္ဂလိပ်ဘာသာပြန်ဟာ ဥရောပဘာသာပြန်ကဗျာ ဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ သူမရဲ့ နောက်ဆုံးကဗျာစာအုပ်ဖြစ်တဲ့ The Final Going of Snow `နှင်းတွေနောက်ဆုံးထွက်ခွာချိန်´ (၂၀၁၁)ကို Modern Poetry in Translation က ထုတ်ဝေခဲ့ပြီး How to explain my language to you `ကျွန်မရဲ့ ဘာသာစကားကို ရှင့်ကိုဘယ်လိုပြောရပါ့´ ကဗျာဟာ ဒီစာအုပ်ထဲ ပါရှိတဲ့ တစ်ပုဒ်ဖြစ်ပါတယ်။ ကဗျာတွေအပြင် ၀တ္ထုတိုပေါင်းချုပ် ၃ အုပ်နဲ့ ပြဇာတ် ၂ ပုဒ် ရေးသားထုတ်ဝေပြီးဖြစ်ပါတယ်။ နိုင်ငံတကာကဗျာပွဲတော် တော်တော်များများမှာ ပါဝင်ခဲ့ပြီး ဗြိတိသျှ စာပေဂျာနယ်မဂ္ဂဇင်းတွေမှာ သူမ ကဗျာတွေ မကြာခဏ ဘာသာပြန်ဖေါ်ပြပါရှိတာဖြစ်ပါတယ်။

ကျွန်မရဲ့ ဘာသာစကားကို ရှင့်ကို ဘယ်လိုပြောရပါ့
ကျွန်မရဲ့ ဘာသာစကားကို ရှင့်ကို ဘယ်လိုပြောရပါ့
အခုပဲ ၊ ဟောဒီမှာ
ဟောဒီ စမ်းချောင်းနံဘေးက လ ရောင်မှာ
ရှင်နဲ့ ကျွန်မ အတူထိုင်နေတယ်
ချောမောတဲ့ အင်ဒို – ဥရောပ ယောက်ျားသား
ရေညှိတက် ဖင်နို – ယူဂရစ်ကျောက်တုံးပေါ်မှာ
စကားဟာ တစ်ဝက်ကိုယ်လုံးတီး
ရှင်နဲ့ ကျွန်မကြားမှာ ညကြီးဟာလင်းလက်လို့
ရှင့်ကို ကျွန်မပြောပြချင်လွန်းလိုက်တာလေ
ထင်းရှူးပင်တွေဟာ ကျွန်မရဲ့ ဘာသာစကားထဲမှာ
ဘယ်လိုအနံ့ အသက်ထွက်ကြပုံ
ပြီး . . . ခရမ်းရောင် ပန်းပွင့်ကြီးတွေနဲ့ အိုင်းရစ်ပန်းတွေ
နှမ်းဖတ်ကျောက်တွေပေါ်ရေတွေဟာ
ကျွန်မရဲ့ ဘာသာစကားထဲမှာ ဗလုံးဗထွေး
တသွင်သွင်စီးဆင်းပုံ
ပုရစ်တွေဟာ သူတို့ရဲ့ နောက်ဆုံးတယောတွေထဲက
အသံခြစ်ညှစ်ယူကြပုံ
ဒါပေမယ့် ရှင်နဲ့ကျွန်မဟာ လုံးဝတိတ်ဆိတ်
မျက်စိတွေမှိတ်လို့
ကျွန်မတို့ ပါးစပ်တွေကို မကြာခဏဆိုသလို
ဖွင့်ရုံတင်ပဲဖွင့်လို့
တစ်ဝက်ကိုယ်လုံးတီး ညကြီးထဲ လင်းလက်တဲ့
စကားလုံးအချို့ဖွင့်ဟဖို့ ပြောဆိုကြတာ
ရှင့်ဘာသာစကားလည်းမဟုတ်
ကျွန်မဘာသာစကားလည်းမဟုတ်။
ခရစ္စတီးနား အီဟင်န်
How to explain my language to you
တာယာ ခရဲမ်ဘာဂါ Taja Kramberger ဟာ ဆလိုဗီးနီယားနိုင်ငံ ၊ လျုဗ်လျာနာမြို့မှာ ၁၉၇၀ ကဖွားမြင်ခဲ့သူဖြစ်ပါတယ်။ သူမဟာ ကဗျာဆရာမအပြင် ဘာသာပြန်ဆရာမ ၊ အက်ဆေးဆရာမ ၊ သမိုင်းဆိုင်ရာ မနုဿဗေဒပညာရှင်နဲ့ တက္ကသိုလ်ဆရာမလည်း ဖြစ်ပါတယ်။ University of Primorska ကနေသမိုင်းဆိုင်ရာ မနုဿဗေဒဘာသာရပ်နဲ့ PhD ဒေါက်တာဘွဲ့ရထားသူဖြစ်ပါတယ်။ အဲဒီ ဘာသာရပ်ဆိုင်ရာ မဂ္ဂဇင်းရဲ့ Editor – in – Chief လည်းဖြစ်ပါတယ်။ သူမရဲ့ ပထမဆုံးလုံးချင်းကဗျာစာအုပ်ဖြစ်တဲ့ Marzipan ကို ၁၉၇၇ မှာထုတ်ဝေခဲ့ပြီး နောက်ထပ်လုံးချင်းကဗျာစာအုပ် ၈အုပ်ဆက်တိုက်ထုတ်ဝေခဲ့ပါတယ်။ ဥရောပဘာသာစကား အသီးသီးဘာသာ ပြန်ဆိုခြင်းလည်းခံရပါတယ်။ အောက်ဖေါ်ပြပါကဗျာ Every dead one has a name `လူသေတစ်ယောက်စီမှာ နာမည်တစ်လုံးစီရှိကြ တယ်´ ဟာ ၂၀၁၁ထုတ် ‘Z roba Klifa’ ပေါင်းချုပ်ကဖြစ်ပါတယ်။ Spela Drnovsek Zorko က ဆလိုဗီးနီယားကနေ အင်္ဂလိပ်ဘာသာ ပြန်ဆိုထားတာဖြစ်ပါတယ်။
လူသေတစ်ယောက်စီမှာ နာမည်တစ်လုံးစီရှိကြတယ်
လူသေတစ်ယောက်စီမှာ နာမည်တစ်လုံးစီရှိကြတယ်
သက်ရှိတွေရဲ့ နာမည်တွေသာ မိမိတို့ကို ရွံ့တွံ့တုံ့ဆိုင်းသွားစေတယ်။
အချို့နာမည်တွေကို အသံပြုဖို့ဘယ်လိုမှမဖြစ်နိုင်ဘူး
ပြုကြည့်ရင် အကြောဆွဲသလို ထစ်ထစ်ငေါ့ငေါ့ဖြစ်သွားတယ်။
အချို့နာမည်တွေကို တင်စားရည်ညွှန်းလို့ပဲရတယ် ၊
အချို့နာမည်တွေ ၊ များသောအားဖြင့် အမျိုးသမီးတွေရဲ့ နာမည်တွေ ၊
ဒီအရပ်ဒေသတွေမှာ ပြောခွင့်မရှိပိတ်ပင်တားမြစ်ခံရတယ်။
လူသေတစ်ယောက်စီမှာ နာမည်တစ်လုံးစီရှိကြတယ် ၊
ကျောက်သားပေါ်ထွင်းထားတယ်
နာရေးသတင်းမှာ မဟုတ်ရင် ဖုံးစာအုပ်ထဲမှာ ပုံနှိပ်ထားကြတယ်။
ကျွန်မရဲ့နာမည်ကိုတော့ တမင်ပျက်စီးအောင်ဖျက်ကြတယ်
နှစ်အနည်းငယ်မှာ တစ်ခါ
ညစ်နွမ်းခံရပြီး အခြားနာမည်တစ်ခုနဲ့ အစားထိုးခံရတယ်။
ဆယ်စုနှစ်တစ်ခုတုန်းက
အဆင့်မြင့်ရာထူးကြီးကြီးပါတီဝင်တစ်ဦးဟာ
ကျွန်မကို သတိပေးခဲ့ဘူးတယ်
`အချိန်ရှိနေသေးသရွေ့ ၊ ကဗျာဆရာမလိုပဲဆက်နေပါ´
အချိန်ရှိနေသေးသရွေ့ဆိုတာ ဘာကိုဆိုလိုတာလဲ
ဘာအတွက်အချိန်ရှိနေသေးတာလဲ။
ကျွန်မဟာ လူမှုသိပ္ပံပညာရှင်လည်းဖြစ်ခဲ့တယ်
ပြီး . . . အယ်ဒီတာ . . . ပြီးစည်းရုံးလှုံ့ဆော်သူ
ပြီး . . . ဘာသာပြန်ဆရာမ . . . ပြီးတက်ကြွလှုပ်ရှားသူ
ပြီး . . . တက္ကသိုလ်ဆရာမ။
အဲဒါတစ်ခုမှ မကောင်းခဲ့ပါဘူး –– မခံမရပ်နိုင်အောင်ပဲ ––
ရှေးအထုပ်အပိုးဟောင်းနယ်စပ်တွေကို ကျူးကျော်ခြင်းတွေ
ပုရိသစိုးမိုးလက်ချောင်းညစ်ညမ်းတွေနဲ့
ရေးစွဲခဲ့တဲ့ နယ်ခြားမျဉ်းတွေ ။
အခန်းတွေအားလုံး ကျွန်မလေသလပ်လိုက်တယ်
အမှတ်ပေးစည်းမျဉ်းတွေအားလုံးကျွန်မလျစ်လျူရှုလိုက်တယ်
နှလုံးသွေးကြောအတွင်းရှိ အခင်ငယ်တွေအားလုံး
ကျွန်မဖွင့်ချပစ်လိုက်တယ်။
အဲဒါနဲ့ ကျွန်မကိုဒင်းတို့ ပြင်ပမှာစွန့်ပစ်လိုက်ကြတယ်
လူသေတွေကို လုပ်သလိုမျိုးပါပဲ
ဒါပေမယ့် လူသေတစ်ယောက်စီမှာ နာမည်တစ်လုံးစီရှိနေသေးတယ်လေ ။ ။
တာယာ ခရဲမ္ဘာဂါ
Every Dead One has a Name
ဗယ်လ်ဂျင်နာ မော့တ် Valzhyna Mort ဟာ ဘယ်လာရု(စ်) နိုင်ငံ ၊ မင်န့်စ်က်မြို့သူဖြစ်ပါတယ်။ သူမရဲ့ ပထမဆုံးစာအုပ် ဖြစ်တဲ့ I’m as Thin as Your Eyelashes `ကျွန်မဟာ ရှင့်မျက်တောင်မွှေးနီးပါး ပါးလျပါတယ်´ ကို ၂၀၀၅ မှာ ထုတ်ဝေခဲ့ပါတယ်။ အဲဒါ ဟာ သူမရဲ့ ကဗျာစာအုပ်မဟုတ်ပဲ သူမဘာသာပြန်ထားတဲ့ ပိုလန်နဲ့ အင်္ဂလန်က ကဗျာတွေနဲ့ စကားပြေတွေဖြစ်ပါတယ်။ သူမကိုယ် တိုင်ရေးသားခဲ့တဲ့ ကဗျာတွေအတွက် ၂၀၀၅ မှာ the Crystal of Vilenica ဆု ၊ ၂၀၀၈မှာ အကောင်းဆုံးအရှေ့ဥရောပကဗျာဆရာတွေ အတွက် Hubert Burda Poetry Prize ကိုဆွတ်ခူးရရှိခဲ့ပါတယ်။ ၂၀၀၅ မှာ သူမဟာ အမေရိကကိုထွက်ခွာသွားခဲ့ပြီး Cornell University မှာတက္ကသိုလ်ဆရာမ အလုပ်လုပ်လျှက်ရှိပါတယ်။ သူမရဲ့ ဒုတိယစာအုပ်ဖြစ်တဲ့ Factory of Tears `မျက်ရည်ထုတ်စက်ရုံ´ ဟာ သူမရဲ့ လုံးချင်းကဗျာစာအုပ်ဖြစ်ပြီး အမေရိကန်မှာ ပထမဦးဆုံးထုတ်ဝေတဲ့ ဘယ်လရုစ် – အင်္ဂလိပ်ဘာသာပြန် ကဗျာစာအုပ်ဖြစ်ပါ တယ်။ သူမရဲ့ နောက်ဆုံးထုတ်ကဗျာစာအုပ် Collected Body (၂၀၁၁)ကို အမေရိကန်မှာ ထုတ်ဝေခဲ့ပါတယ်။ အောက်ပါ Belarusian I `ဘယ်လာရုစ်လူမျိုးမိမိ´ ကဗျာဟာ Factory of Tears စာအုပ်ထဲကဖြစ်ပါတယ်။

ဘယ်လာရု(စ်) လူမျိုး မိမိ
မိမိတို့ရဲ့ မိခင်တွေတောင် ဘယ်လိုမှ နားမလည်နိုင်ကြဘူး
မိမိတို့ ဘယ်လိုမွေးဖွားလာခဲ့ကြပုံ
မိခင်တွေရဲ့ ပေါင်တံတွေကို ဖြဲဟလိုက်ပြီး
ကမ္ဘာကြီးထဲ မိမိတို့ တွားသွားထွက်လာခဲ့ကြပုံ
ဗုံးကြဲခံအပြီး အယိုအယွင်းအပျက်အစီးတွေကြားထဲက
တွားသွားထွက်လာသလိုမျိုး
ဘယ်သူဟာ မိန်းကလေး ဘယ်သူဟာ ယောက်ျားလေး
မိမိတို့ကိုယ်တိုင်မပြောနိုင်ခဲ့ကြဘူး
အမှိုက်သရိုက်တွေမြေကြီးတွေ မိမိတို့ အငမ်းမရကောက်စားကြတယ်
အဲဒါတွေကို ပေါင်မုန့်အထင်နဲ့
ပြီး . . . မိမိတို့ရဲ့ အနာဂတ်ဟာ ကျွမ်းဘားမယ်
မိုးကုတ်စက်ဝိုင်းရဲ့ ချည်မျှင်လေးပေါ်မှာ တင်ဆက်ဖြော်ဖြေနေတာ
အမြင့်ဆုံးပြနေကျနေရာမှာ ကစားပြနေတာ
စောက်ကမြင်းမ
မိမိတို့မွေးဖွားလာကြတဲ့ တိုင်းပြည်မှာ
အိမ်တံခါးတစ်ချပ်ကို မြေဖြူနဲ့ ခြစ်လိုက်တယ်
မှောင်ပြီဆိုတော့မှ မြင်းလှည်းတစ်စီးရောက်လာတယ်
ပြီး . . . သင့်ကိုဘယ်သူမှ ဘယ်တော့မှ မတွေ့ကြရတော့ဘူး
ဒါပေမယ့် အဲဒီကားတွေပေါ်စီးနင်းလိုက်ပါလာကြသူတွေဟာ
လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေလည်းမဟုတ်ဘူး
လက်ကိုင်ရိုးရှည်တပ် ကောက်ရိပ်ဓါးကိုင်ဆောင်သူ
ခြေသလုံးအိမ်တိုင်လည်းမဟုတ်ဘူး
အဲဒါဟာ ချစ်ခြင်းတရားရဲ့ မိမိတို့ဆီ ချစ်မြတ်နိုးစွာ
လာရောက်ပုံပဲပေါ့
မိမိတို့ရဲ့ မျက်နှာတွေကို ပုဝါအုပ်ပြီး
မိမိတို့ကို အလစ်သုတ်ဆွဲယူသွားကြတယ်
အများသုံးအိမ်သာတွေထဲမှာပဲ မိမိတို့ လုံးဝလွတ်လပ်ကြလေတယ်
အကြွေစေ့နည်းနည်းပေးလိုက်ရင် ဘယ်သူမှ မိမိတို့ကို
ဘာပဲလုပ်လုပ် ဂရုမစိုက်ကြတော့ဘူး
နွေရဲ့ အပူဆောင်းရဲ့ အအေးကို မိမိတို့ အံတုခဲ့ကြတယ်
မိမိတို့ကိုယ်တိုင်ဟာ ဘာသာစကားပဲလို့
မိမိတို့ကိုယ်မိမိတို့စတင်တွေ့ရှိလိုက်ကြတဲ့ အချိန်မှာ
မိမိတို့လျှာတွေ ဖယ်ရှားခံလိုက်ရတယ် ၊ အဲဒီအချိန်မှာ
မိမိတို့မျက်လုံးနဲ့ စကားစပြောကြတော့တယ်
မိမိတို့မျက်လုံးတွေ ဖေါက်ခံလိုက်ရတဲ့အခါ
မိမိတို့ လက်တွေနဲ့ စကားပြောကြတယ်
မိမိတို့လက်တွေကို ဖြတ်ပစ်လိုက်ကြတော့
မိမိတို့ခြေချောင်းတွေနဲ့ စကားဆက်ပြောကြတယ်
မိမိတို့ခြေထောက်တွေ သေနတ်နဲ့ ပစ်ခတ်ခံရတော့
မိမိတို့ `အင်း´ ခေါင်းငြိမ့်ပြီး `ဟင့်အင်း´ခေါင်းခါခဲ့ကြတယ်
မိမိတို့ ဦးခေါင်းတွေကို ဒင်းတို့ အရှင်လတ်လတ်စားပစ်လိုက်ကြတော့
အိပ်စက်နေကြတဲ့ မိမိတို့ မိခင်တွေရဲ့ ၀မ်းကြောသိုက်တွေထဲ
မိမိတို့ ပြန်တွားသွားဝင်ရောက်သွားကြတယ်
ဗုံးခိုကျင်းတွေထဲ ၀င်ရောက်သွားကြသလို
ပြန်လည်မွေးဖွားကြဖို့ပဲပေါ့
အဲဒီအချိန် ၊ အဲဒီမိုးကုတ်စက်ဝိုင်းမှာ
မိမိတို့ရဲ့ အနာဂတ် ကျွမ်းဘားမယ်ဟာ
နေလုံးကြီးရဲ့ မီးဟုန်းဟုန်းတောက် ကြိမ်ခွင်းထဲကနေ
ခုန်ထွက်လာနေတယ်
ဝက်အူရစ်/ သံဝါသပြုခံရပြီးပေါ့။ ။
ဗယ်လ်ဂျင်နာ မော့တ်
Belarusian I
ဇေယျာလင်း
18 – July – 12