ဓါတုပစ္စည်းတွေလို အခုပဲ ဆွဲငင်ပေါက်ကွဲဓါတ်ပြုကြတော့မလို
စားပွဲတစ်ဘက်တစ်ချက်မှာ နေရာယူ ၊ အသင့်ပြင် ၊ ဗျူဟာခင်း
ဘာမှအဓိပ္ပါယ်မရှိတဲ့ စကားတွေ တဖွဲဖွဲ
ဘာမှရယ်စရာမရှိတာတွေ အတူတူ တဟဲဟဲ
သူက H2 ဆိုရင် သင်ဟာ O ဆိုသလိုပေါ့
အငွေ့တွေထနေတဲ့ မှန်လုံအိမ်ထဲက
အန္တရာယ်ကြီးတဲ့ ပစ္စည်းကို ရာဘာလက်အိတ်ရှည်ကြီးထဲ
လက်ထိုးကိုင်တွယ်ရသလို
ငှက်မွေးလို ယားကျိကျိနဲ့ သင့်ရင်ထဲ သူဝင်စမ်းနေသလို
ဘာမဆိုဖြစ်နိုင်တဲ့ ဘာလိုလိုညာလိုလိုတွေ အလယ်တည့်တည့်မှာ
ဆေးလိပ်တစ်လိပ်ကို တစ်ယောက်တစ်ဖွာလှည့်လို့
သူဟာ အိနြေ္ဒရရ ၊ သင်ဟာ သူ့နှုတ်ခမ်းရာလေးကိုပါ
အဆုပ်ထဲရှိုက်သွင်း အငမ်းမရ
ဆိုင်ထဲမှာ သင်နဲ့ သူဟာ ဇာတ်ဆောင်တွေလား
ဟုတ်ပ ၊ မှော်ထ
အားလုံးရဲ့ မျက်လုံးတွေဟာ သင်နဲ့ သူ့ပေါ်
စပေါ့တ်လိုက်တွေလား ၊ ဟုတ်ပ ၊ ဇော်က
စကြာဝဠာကြီး ကျုံ့လာပြီတဲ့ ၊ သိလား
အင်းနော် . . . (ဒို့ရဲ့ အကွာအဝေးကော ဘယ်တော့လဲ)
သမိုင်းပြီးဆုံးသွားသလို အထီးကျန်ခြင်းလည်း ဆုံးချင်တယ်
ဟက်ဟက် ၊ သူ့ဆီက စကောထဲ အက်တမ်တွေ လှိမ့်လိုက်သံ
ကမ္ဘာအတူပြားချင်ပြီ ဆေးလိပ်သစ်တစ်လိပ် သင်တေ့လိုက်တယ်
ပတ်လမ်းကြောင်းထဲ ၀ဲနေတဲ့ ဂြိုလ်တုတစ်လုံး
သူဟာ အဆင်သင့် သင့်ကို မီးညှိပေးလိုက်တယ်
တစ်ယောက်မျက်လုံးထဲတစ်ယောက် ပွတ်ကာသီကာ
အသည်းယားစရာ ကမ္ဘာသစ်လေ့လာရေးခရီး
သူ့ဆီက အာရုံငါးပါးကို သင်ဖွဲ့စည်းလိုက်တဲ့ ပင့်သက်
ရုတ်တရက် လေရှူမ၀သလို အသက်ဟာ ထတောက်တယ်
သူ့လက်ဖျားလေးတွေဟာ အမှတ်တမဲ့ သင့်လက်ဖမိုးပေါ်
သံလိုက်အိမ်မြှောင် ၊ ကိုလံဘတ်လည်း မှတ်တမ်းတင်ခဲ့တဲ့
ပင်လယ်မီးစုန်းတွေ
အဖေ့ကိုပြောလိုက်တယ် လာမကြိုနဲ့လို့ ကိုယ့်ဖါသာကိုယ်
ကိစ္စမရှိပါဘူး ၊ ဆိုက္ကားပေါ်တင်ပေးလိုက်မယ်လေ
ဟယ် . . . ဆိုက္ကားဆရာနဲ့ပဲပေါ့ ဟီးဟီး
(စိတ်တစ်ပြင်လုံးမှာ ကြက်သီးကလပ်စ်တာတွေ ဆက်တိုက်)
ပန်းချီကားတစ်ကားထဲမှာလို ထွက်ပေါက်မရှိ
ထာဝရပိတ်မိနေချင်တော့တယ်
ယုတ္တိလွန်ပြဇာတ် အနမ်းဘယ်လို စလိုက်သလဲ
သူဘာမှမမေးပဲ သင်ကဘာလို့ ဖြေချင်နေတာလဲ
(ဘရူဂဲလ်ရဲ့ ပန်းချီတစ်ကားထဲမှာ
သေမင်းရဲ့ တပ်သားတွေ ကားတစ်ပြင်လုံး
သတ်ဖြတ် ၊ မီးရှို့ ၊ နှိပ်စက် ၊ အဓမ္မကျင့် ၊ တံကျင်လျှို
အနိဋ္ဌာရုံတစ်ကားလုံးရဲ့ ညာဘက်ထောင့်လေးမှာ
ကောင်မလေးက ကောင်လေးရဲ့ ရင်ခွင်ထဲခေါင်းတိုးဝင်
ကောင်လေးက အားလုံးကို ကျောခိုင်းပြီး
ကောင်မလေးကို ကာလမေ့အာကာသမေ့ ဖက်ထားတယ်)။ ။
ဇေယျာလင်း
30 – April – 12