ခင်္ဗျားလည်း ဒါကိုကြိုတွေးပြီးသား
ဖြစ်မှာပါ ၊ ဒင်းတို့ဟာ
ဥာဏ်နီဥာဏ်နက်များတယ် ၊ ကလိမ်စေ့နဲ့
ဆင်တဲ့ငြမ်းတွေမနည်းတော့ဘူး ၊
အဲဒီမီးခိုးလုံးကြီးတွေပေါ့။
လောင်စရာရှိတာအကုန်လောင်
ဝါးပြီးကြီးထွားလာကြတာ
အမြဲဆာလောင်နေကြတာ ၊ မီးကွင်းတွေ
မီးခိုးလုံးကြီးတွေမျိုးဆက်တွေထက်မည်းသထက်
မြင်းကွင်းအားလုံးကိုမျှောကွင်းထဲထည့်မြှိုက်လိုက်တယ်
လေကလည်းကူတိုက်ပေးတယ် ဘက်တော်သားလိုလို
တွန်းအားလိုလို ၊ လေနီကြမ်း ၊ စာချုပ်စာတမ်းနဲ့
ဘာထပ်ရဦးမလဲရေတွက်တယ်
ရေချို ၊ ရေငံ ၊ ရေကာတာ ၊ ရေအားလျှပ်စစ် ၊ ရေတပ်စခန်း။
မီးသတ်ကားကို မီးကသတ်လိုက်တယ်။
နောက်တစ်လှမ်းဆုတ်ကြည့်ရင်
လွတ်လပ်ရေးကျောက်တိုင်
လိုမားမားမတ်မတ်ပြတ်ပြတ်သားသား
ရှင်းလင်းသဲကွဲမြင်ရမလား။
မီးခိုးလုံး ၊ မီးခိုးအူ ၊ မီးခိုးမှိုင်း ၊ မီးခိုတံတိုင်း။
အရပ်ရှစ်ခွင် ၊ မီးခိုးဆင်သည် ၊ အသင်စနစ်ကောင်းတကား။
လောဘမီး ၊ ဒေါသမီး ၊ မောဟမီး ၊ မီး
ကမ္ဘာကြီးလည်း စစ်မီးကြီးထဲပါတော့မယ်။
ဒါကို ခင်္ဗျားလည်းသိပြီးသား
ဖြစ်မှာပါ ၊ ခင်္ဗျားကိုယ်ခင်္ဗျား
ဓါတ်ဆီလောင်းပြီး မီးရှို့ပစ်လိုက်တာ
ခင်္ဗျားရဲ့မီးခိုးတွေ ဒင်းတို့ဖျောက်ဖျက်ပစ်လိုက်တယ်။
အရိုးပြာကို လေကထောက်ကူမှုတ်ထုတ်ပစ်လိုက်တယ်။
သူများတွေလည်း အပူဟပ်သွားတာ
ငယ်ငယ်က ၀တ္ထုခေါင်းစဉ် `ငြိမ်းတယ်ချမ်းတယ်မိုး´။
ခင်္ဗျားရဲ့ အကြွင်းအကျန်နဲ့ ကျွန်တော်
ဆေးလိပ်မီးညှိယူလိုက်တယ် ၊ ကျေးဇူးပဲနော်။
သတင်းမှာဖတ်ရတယ် ၊ ဋ္ဌာနချုပ်ကိုဝိုင်းထားပြီ
အဲဒီမှာ မီးလောင်ဗုံးတွေကြဲတော့မယ်
ခြေ ၊ လက် ၊ ၀ါကျ ၊ အပိုင်းအစတွေနဲ့
မီးစွဲလောင်နေကြမယ့်လူတွေ
သွေးရူးသွေးတမ်းပြေးနေကြရော့မယ်။
“လာပါအချစ်ရေ ၊ ယာယီသစ္စာ မြဲကြစို့
လူလုံးမကွဲခင် ၊ မီးကုန်ယမ်းကုန် ချစ်ကြစို့”။ ။
ဇေယျာလင်း
27 – April – 12