ရေးကြည့်လိုက်စမ်း ငါဟာ ပဋိပက္ခ
ဖတ်ကြည့်လိုက်စမ်း ငါဟာ ပဋိပက္ခ
ရင်ဘတ်တွေ လိင်အင်္ဂါတွေ ခြေသည်းတွေ
အစင်းရှိကြွက်သားတွေ အရေပြားတွေ
သွားတွေ အရိုးတွေ အရွတ်တွေ
ရေသူမထင်လို့ဖမ်းလာတာ
လင်းပိုင်ဖြစ်နေတဲ့ သတင်းတွေ
ငါဟာဆွဲပိုက်ဖြစ်နေသလို
ခံစားမှုဗဟိုပြုကဗျာဆန်မှုနဲ့
ဘာသာစကားဗဟိုပြု တည်ဆောက်မှုကြားမှာ
ငါတွေတံတားထိုးပြီး ငါတွေဖြတ်ကူး
ချောက်ကမ်းပါးအောက်မှာ ကျသေနေတဲ့ ငါအလောင်းတွေ
ငါဟာ မကြာခဏ ပေါက်ကွဲနေတာ
အစိပ်စိပ်အမွှာမွှာ ငါတွေ ငါတွေ
ဒါဟာ ငါဗဟိုပြုရောမန္တိကလစ်ရစ် မဟုတ်ဘူး
ဖွင့်အန်ဝန်ခံကဗျာရဲ့ အနာတွေ ထုတ်လှန်းနေတာလည်း မဟုတ်ဘူး
သူမပါးစပ်နွေးထဲ ငုံခဲထားတဲ့
ငါ့လက်ချောင်းစိုစွတ်မှာ ငါတွေ တဖျပ်ဖျပ် အမြှုပ်ထ
ဒါဟာ သက္ကာယဒိဋ္ဌိဆိုတာလည်း ထင်မှတ်ထားလျက်နဲ့
လူဟာ ရှေ့နောက်မညီမှုများစွာရဲ့ အထုပ်အပိုးလေး
ဆိုတာလည်း တစ်ခါတုန်းက ဖတ်ဖူးထားလျက်နဲ့
ဘာသာစကားနဲ့ ငါ အာရုံခံစားသလို
ဘာသာစကားကို ငါ အာရုံခံစားပြန်တယ်
ဘာသာစကားရောင်စဉ်မှာ ခုနစ်ဖြာမကတဲ့ ငါတွေ
တစ်ငါနဲ့ တစ်ငါကြားကလည်း ဘယ်ငါမှ
ဖြစ်မလာတဲ့ ကြားငါတွေ
ဘယ်တံငါမှ မမိတဲ့ ကြားငါးတွေ
ငါးတွေကြား ခြားနားစွာ ကူးခတ်သွားလာနေငါတွေ
ငါတစ်ခုဟာ နှလုံးရောဂါနဲ့ သေဆုံးတယ်
ငါတစ်ခုဟာ HIV ပေါ့စတစ်နဲ့ သေဆုံးတယ်
ငါတစ်ခုဟာ ဦးဏှောက်သွေးကြောပြတ်ပြီး သေဆုံးတယ်
ငါတစ်ခုဟာ လည်ချောင်းကင်ဆာနဲ့ သေဆုံးတယ်
ငါတစ်ခုဟာ အယ်လ်ဇိုင်းမားနဲ့ သေဆုံးတယ်
ငါ့အိမ်လို့ ထင်မှတ်ရတဲ့ ခန္ဓာထဲမှာ
လေဟောင်းလောင်းတွေ လန်နေတယ်
အရောင်တောက်တိုင်းဟာ
အရောင်တောက်တဲ့ တစ်ခုခုပေါ့
ငါဟာ ရွှေတော့ မဟုတ်ပါဘူး
ဓနရှင်ပေါက်စ ပညာတတ်လူလတ်တန်းစားဉာဉ်နဲ့
စိတ်ကူးယဉ် ဘိုဟီးမီးယန်းကမ်းခြေမှာ
သွားအပန်းဖြေ ရေကူးသူ
လယ်သမားနဲ့ မတူတဲ့ ငါ့ခြေတွေ
အလုပ်ကြမ်းသမားနဲ့ မတူတဲ့ ငါ့လက်တွေ
ငါရှက်နေရမလား ပြောပါ
ပြည်သူကို ကိုယ်စားမပြုတဲ့ ငါ့သွေးတွေ
ငါ့သွေးနွေးသတ္တဝါ
ငါ့နို့တိုက်သတ္တဝါနှလုံးသား
အယူဝါဒအရ စာနာမှုအသိစိတ်နဲ့ တဒိတ်ဒိတ်
မကြည်လင်ပေမယ့် ချစ်နေတာလို့ ငါဘာလို့ ညာရမလဲ
မကြည်လင်ပေမယ့် ကြည်လင်ရတဲ့ ဘာသာစကား နယ်ပယ်အသီးသီးဟာ
ငါတွေ ငါတွေကို ပြုလုပ်ပြီး ငါ့ကို တပ်ဆင်တယ်
‘မပြောင်းရွှေ့ရ’ ‘မလဲလှယ်ရ’ ‘မဖျက်ဆီးရ’ တွေနဲ့
ငါတွေကိုလည်း ငါတွေနဲ့ ရန်တိုက်ပေးထားတယ်
ငါဟာ ပဋိပက္ခ
ပြောကြည့်လိုက်စမ်း
ငါဟာ ပဋိပက္ခ
ငါဟာ မူလမဟုတ်ဘူး
ငါဟာ သမူဟ မဟုတ်ဘူး
ငါဟာလည်း သင့်လိုပဲ ဘယ်သူမှမဟုတ်ဘူး
ငါဟာလည်း သင့်လိုပဲ သာမာန်လူတစ်ယောက်ရဲ့ တန်ဖိုး မလျော့ပါဘူး
ညအိပ်ရာ ဘယ်ငါ အရင်ဝင်ပြီး
မနက်အိပ်ရာ ဘယ်ငါ အရင်ထသလဲ
ကြိုးတွေလိမ်နေတဲ့ စိတ်ရုပ်သေးလေးတစ်ခု
ငါရဲ့ စုစည်းလိုတဲ့ ဆန္ဒစက်ဟာ နေ့စဉ်လောကရဲ့ လွှစက်နဲ့ပဲ
အဲဒါ ဘာအလင်္ကာမြောက်သလဲ
နေ့စဉ်ဆုံစည်းနေရတယ်
ငါမရှိတော့တဲ့ အခွံဟောင်းတစ်ခုထဲမှာ
တခြားငါတစ်ခုက လာဝင်ခိုနေတယ်
အမှောင်ထဲကနေ ငါ့ကိုပြူးကြည့်
ငါဟာ တစ်ခု တစ်ကောင် တစ်ယောက်
ငါဟာ ပဋိပက္ခ
ငါသိတဲ့ အသိဆိုတာလည်း
အမြဲမြက်ရိုင်းတောကြီးပဲ
အားကိုးစရာ ဘာသစ်ပင်ကြီးမှ မရှိဘူး
ဘာငှက်တစ်သောင်းမှ မရှိဘူး
ပုရွက်ဆိတ်တွေ၊ ပလူတွေ၊ ခြတွေ
မြွှေပါးကင်းပါးတွေ တကျိကျိ
ဒါပေမယ့် လုံခြုံစိတ်ချရတဲ့
လူမှုကိုယ်ကျင့်တရား စံပြတံဆိပ်နှိပ်လို့
အစ်နေတဲ့ဇတ်ကို တစ်တတနေတဲ့
အဇ္ဈတ္တနဲ့
ခံစားမှုရဲ့ ကန့်သတ်အမှုတွဲထဲမှာလည်း
ငါဟာ တောက်လျှောက် မတ်တပ်ရပ်စီးရ
အခွင့်ထူးခံ ခံစားမှုထဲ ‘ဝင်ရောက်ခွင့်မပြု’
နာကျင်တာတွေ မရေးချင်ပေမယ့်
နာကျင်စွာပဲ ရောက်ရောက်လာတဲ့
နာကျင်မှုရဲ့ အသွေးအသား
ငါ့ကိုလည်း အယူဝါဒနဲ့ ဖတ်လို့ရပါတယ်
ဒါပေမယ့် ငါဟာ မူလ မဟုတ်ဘူး
ငါဟာ သမူဟ မဟုတ်ဘူး
ငါဟာ ပဋိပက္ခ
ငါဟာ စာသားတွေနဲ့ စပ်ချုပ်ထားတဲ့ ပဋိပက္ခ
ဇေယျာလင်း