မြန်မာနိုင်ငံ ကဗျာဆရာများ သမဂ္ဂ (UMP) မှာ ကျွန်တော့်ကို အတွင်းရေးမှူးတစ်ဦးအနေနဲ့ ထည့်ထားတယ်လို့ သိရပါတယ်။ အစည်းအဝေး ၂ ကြိမ်ကျင်းပခဲ့ပေမယ့် ကျွန်တော်ဘယ်လိုမှ မအားလို့ မတက်ရောက်နိုင်ခဲ့ပါဘူး။
UMP နဲ့ ပတ်သက်လို့ကျွန်တော့်အနေနဲ့ ဒီဝက်ဘ်ဆိုက်သ်ကနေပဲ တင်ပြစရာရှိတာတွေ တင်ပြသွားမယ်လို့ ဆုံးဖြတ်ထားပါ တယ်။ ကွန်မန့်တွေ ပေးလို့လည်း ရပါတယ်။
၂၀၁၁ အကောင်းဆုံး (အကြိုက်ဆုံး) ကဗျာစာအုပ်ရွေးချယ်ရေး
၁၄ – ၂ – ၂၀၁၂ နေ့စွဲပါ (ဆရာ) မောင်စိမ်းနီရဲ့ စာထဲမှာ အောက်ပါအတိုင်းပါရှိပါတယ်။
“ကျွန်တော်တို့မြန်မာနိုင်ငံကဗျာဆရာများ သမဂ္ဂအနေဖြင့် ၂၀၁၁ ခုနှစ်အတွင်းထုတ်ဝေခဲ့ကြသော ကဗျာစာအုပ်များ (တစ်ဦး ချင်း + စုပေါင်း) ထဲမှ အကောင်းဆုံး (အကြိုက်ဆုံး) ကဗျာစာအုပ်တစ်အုပ်ကို ရွေးချယ်ကာ ဆုပေးမှာဖြစ်ပါတယ်။ ဆုရွေးချယ်ရေး အဖွဲ့ တွင် ဆရာလဲပါဝင်ပါတယ်။ ၂၀၁၁ ခုနှစ်တွင်း ထုတ်ဝေခဲ့သော ကဗျာစာအုပ်များထဲမှ ဆရာအကြိုက်ဆုံး ကဗျာစာအုပ် (၃) အုပ်ကို အရင်ရွေးထုတ်ကာ စာရင်းပေးဖို့ စေလိုပါတယ်။
(နောက်မှ – အဆင့်ဆင့်စိစစ်ရွေးချယ်ပြီး တစ်အုပ်တည်း ရွေးထုတ်မှာ ဖြစ်ပါတယ်)။´´
ကျွန်တော့်ရဲ့ ပြန်စာဟာ ဒီလိုဖြစ်ပါတယ်။
သို့
ဆရာမောင်စိမ်းနီ
UMP
၂၀ – ၂ – ၂၀၁၂
ဆရာမောင်စိမ်းနီခင်ဗျား
၁။ ။ သမဂ္ဂလွယ်အိတ်ကို ကောင်းမွန်စွာရရှိပါတယ်။ ကျေးဇူးတင်ပါတယ်။
၂။ ။ မြန်မာနိုင်ငံကဗျာဆရာများသမဂ္ဂက ၂၀၁၂ ခုနှစ်အကောင်းဆုံးကဗျာစာအုပ်တစ်အုပ်ကို ရွေးချယ်ဆုပေးမယ်ဆိုတာ ၀မ်းသာစရာပါပဲ။
ဆုရွေးချယ်ရေးအဖွဲ့ထဲမှာ ကျွန်တော့်ကို ထည့်ထားတယ်ဆိုတော့လည်း ပျော်စရာထက် တာဝန်ရှိသွားတာပေါ့။
၂၀၁၁မှာထွက်ခဲ့တဲ့ ကဗျာစာအုပ်အားလုံးကျွန်တော်မသိပါ။ ကျွန်တော်သိသလောက်ထဲက ကျွန်တော့်အကြိုက်ရွေးချယ်ရမယ်ဆိုရင်တော့
၁။ ။ လှလှကြီး – သိုးထိန်း ၊ လင်းရမ္မာ ၊ တေလေ ၊ ကြက်သွန် ၊ လင်းနီညို
၂။ ။ မထင်ရှော့(ခ်) – လွန်းဆက်နိုးမြတ်
၃။ ။ ကဗျာဆိုတာပြုလုပ်ခြင်း – ဇေယျာလင်း
တို့ဖြစ်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ ဒီစာအုပ် (၃) အုပ်ဟာ ခေတ်ကို မပစ်ပယ်ပဲ ဖတ်ရလန်းဆန်းလို့ပါပဲ။
၃။ ။ ဒီကဗျာစာအုပ်ဆုပေးပွဲနဲ့ ပတ်သက်လို့ ကျွန်တော်ဆက်အတွေးပွားမိတာက အောက်ပါတွေပဲဖြစ်ပါတယ်။
၁။ ။ ဆုငွေဘယ်လောက်ချီးမြှင့်မလဲ။
၂။ ။ ဆုရကဗျာစာအုပ်ကို ဒုတိယ အကြိမ်ထုတ်ဝေမလား။
၃။ ။ ဆုရွေးချယ်ရေးအဖွဲ့ဝင်အားလုံးက ဘယ်သူတွေလဲ။
၎။ ။ ပဏာမရွေးချယ်တဲ့ ကဗျာစာအုပ်တစ်အုပ်စီကို ရွေးချယ်ရေးအဖွဲ့ထဲက ဘယ်နှယောက်ရွေးချယ်တယ်ဆိုတာ ဘယ်လိုသိရမလဲ။
၅။ ။ ဆုရွေးချယ်ရေးအဖွဲ့ရဲ့ ဆုရွေးချယ်ပုံကို အများပြည်သူရှင်းရှင်းလင်းလင်း (transparent) သိသာအောင်ဘယ်လိုဆောင်ရွက်မလဲ။
၆။ ။ ဆုရွေးချယ်ရေးအဖွဲ့မှာ ဘယ်ကဗျာမျိုးကိုမှ ရွေးချယ်မယ်ဆိုတဲ့မူရှိသလား။
၇။ ။ UMP ရဲ့ ကဗျာစာအုပ်ဆု ဆွတ်ခူးချင်ရင် ဒီမူအတိုင်းပဲရေးရမလား။
၈။ ။ UMP ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကဗျာမူဝါဒ (တွေ) ချမှတ်အကောင်အထည်ဖေါ်တဲ့ ကဗျာဗဟိုဋ္ဌာနဖြစ် လာမလား။
လေးစားစွာဖြင့်
ဇေယျာလင်း