မိုးလည်းမြင်တယ် လေလည်းမြင်တယ်

(ဂရိမော်ဒန်ကဗျာဆရာကြီး Constantine Cavafy ကွန်စတန်တီးန် ကဗာဖီ (၁၈၆၃ – ၁၉၃၃) သို့)

ဒီမြို့ကနေငါတို့မထွက်နိုင်ကြတော့ပြီလား ၊ ကဗာဖီ။

ခင်ဗျားပြောတာမှန်တယ် ၊ ဘယ်မြို့ပဲရောက်ရောက် ၊ ဒီမြို့ကိုပဲပြန်ရောက်တယ်။
မရောက်ဘူးတဲ့ နိုင်ငံခြားမြို့က မလျှောက်ဘူးတဲ့နိုင်ငံခြားလမ်းပေါ်မှာ …
နေပါဦး ၊ ဒီလမ်းပဲ ၊ ဒီအဆောက်အဦးတွေပဲ ၊ ဒီပျက်နေသေးတဲ့ မီးပွိုင့်ပဲ ၊
ဒီချိုင့်ခွက်တွေပဲ ၊ ဒီယာဉ်တွေပဲ ၊ ဒီမိစ္ဆရိယတွေ ၊ ဒီအ၀ိဇ္ဇာတွေ ၊ ဒီအသံတွေပဲ ၊
ဒီစစ်ပွဲတွေပဲ ၊ ဒီတုံးလုံးပက်လက်သေဆုံးကြရင်းဆက်လက်ရှင်သန်မှုတွေပဲ ၊
ဒီငွေတွေ ၊ ဒီကြေးတွေ ၊ ဒီဧရာမကြော်ငြာဆိုင်းဘုတ်ကြီးတွေ ၊ ဒီ . . . .

ကားတွေဥဒဟိုသွားလာနေကြတဲ့ကြားထဲက ခင်္ဗျားလမ်းဖြတ်ကူးလာတယ်
ဩဒစ္စိရဲ့ စစ်ပွဲအပြီးခရီးရှည်သင်္ဘောပေါ်ကခုန်ဆင်းလာတဲ့ သင်္ဘောသားအိုကြီး
ပင်လယ်နံ့ ၊ ငါးညှီနံ့ ၊ သူရဲကောင်းစစ်သည်များရဲ့ သွေးနံ့ ၊ လိင်နံ့ ၊ ဒဏ္ဍာရီနံ့
အဲဒါတွေရောယှက်နေတဲ့ ဒီမြို့နံ့ ၊ (ပြောကြည့်လိုက်မယ်ဗျာ) ၊ ကဗျာနံ့

ဟိုဘက်တောင်ထိပ်မှာ ကျွန်တော်ကြီးပြင်းတဲ့ စေတီဖြူလေး ၊ဆည်းလည်းသံ
ဒီဘက်တောင်ထိပ်မှာ ခင်္ဗျားတို့ရဲ့ ၊ ဘာခေါ်လဲ ၊ နတ်ကွန်းလား
ခင်္ဗျားတို့ရဲ့ နတ်တွေကိုပူဇော်ပသတဲ့ ၀တ်ပြုအဆောက်အဦးခန်းမကြီး
တောင်ထိပ်မှာ ဒယ်လ်ဖီကနတ်ဘုရား စကားတစ်ခွန်းပဲညွှန်းဆို
`သင့်ကိုယ်သင်သိပါ´တဲ့ ငါ့ကိုယ်ငါမသိတော့တာကြာပါပြီကွယ် ၊ ကဗာဖီရယ်။
လူလုံးနဲ့ လေလုံးမကွဲတဲ့ဟာကြီးထဲမှာ ငါလည်းအလူးလူးအလိမ့်လိမ့်ပါပဲကွယ်။
ခင်္ဗျားတို့ အေသင်ဆီမှာစခဲ့တဲ့ `demos-kratia´ဟာ ဒီမှာ ပန္နက်ချတော့မယ်။
ဒေ၀တာတွေဟာ ဒေတာတွေ ၊ ဝေဒနာတွေ ၊ မက်တာနရေးတစ်တွေနဲ့
အခိုင်အမာလက်နက်ကြီးတွေ သေနတ်ပြောင်းဝကထွက်တဲ့ အမှန်တရားနဲ့ . . .
ဆော့ခရတ္တိရဲ့ အဆိပ်ခွက်ဟာပဲ ငါမက်နေခဲ့တာ သက်ရှိသရွေ့။

အရေးအခင်းဟောင်းတွေဟာ အရေးအခင်းသစ်တွေဖြစ်နေပြီပေါ့
ဒီမြို့ကနေ ငါထွက်ခွာလို့ မရတော့ပြီလား ၊ ကဗာဖီ။

နိုင်ငံတကာအကြွေးတွေဟာ ဂရိပြည်သူကို လည်မြိုညှစ်နေပြီ
ပင်စင်လစာလျှော့ခံရတဲ့ သက်ကြီးရွယ်အိုတွေ
ပုံမှန်လစာလျှော့ခံရတဲ့ အစိုးရ၀န်ထမ်းတွေ
လစာမပေးနိုင်လို့ အလုပ်ပြုတ်သွားကြတဲ့ သာမန်လူတွေ
လမ်းတွေပေါ်မှာ
လစာလျှော့ခံရတဲ့ ဘ၀တူလုံခြုံရေးတပ်သားတွေနဲ့ အဓိကရုဏ်း
တပ်သားတွေရဲ့ သံချပ်ကာဝတ်စုံတွေ ၊ မျက်မှန်နက်ကြီးတွေ
ဝီစီတွေ ၊ ဒိုင်းတွေ ၊ နံပါတ်တုတ်တွေ ၊ မျက်ရည်ယိုဗုံးတွေ
ဒေါသတွေ ၊ ၀မ်းနည်းမှုတွေ ၊ ထွက်ပေါက်တွေ
ဘ၀တူချင်းကြား ပါဝါမှိုင်းမိသူ ပါဝါတံတိုင်းပိသူတွေ

ခေတ်သစ်မလ္လတီနေရှင်နယ် နတ်ဘုရားတွေဟာ မိုးမျှော်တိုက်မြင့်တွေပေါ်မှာ
လက်ထဲက အရက်ခွက်မချပဲ ဟိုးအောက်ကပွဲကို ကြည့်ကြတယ်
ပြေးကပ်အုံလိုက် ၊ ကစဥ့်ကလျားပြန့်ကြဲသွားလိုက် ၊ ပြန်စုအုံလိုက်
တိမ်တွေလိုမီးခိုးလုံးတွေ ဖုံးသွားလိုက် လွင့်သွားလိုက်
ပုံမှန်အဖြစ်အပျက်လိုပဲ အချင်းချင်းစကားမပျက်ကြည့်ကြတယ်
အိုလင်းပတ်စ် တောင်ထိပ်က ဇုနတ်မင်းနဲ့ အပေါင်းအပါတွေ
ဟိုးအောက်ခြေက ပိစိညောက်တောက် ဆစ္စီးဖတ်စ်တွေ
ဇုက ငြိမ်ဝပ်ပိပြားရေးမိုးကြိုးသွားနဲ့ ပစ်မယ်တကဲကဲ

ဆီးရီးယားဟာလည်း သီးခြားဖြစ်နေတာမဟုတ်ပါဘူး
ကမ္ဘာမှာ အာရပ်တို့နိုးထချိန် ယဉ်ကျေးမှုတို့ စစ်ထိုးချိန်
`အမျိုးသားရေး´ `တိုးပွားရေး´ ဘယ်သူ့အကျိုးစီးပွားရေး

ဘယ်သွားသွားဒီပဲရောက်နေတယ်။
ဘယ်မြို့ရောက်ရောက်ဒီမြို့ပဲ ခင်္ဗျားပြောခဲ့သလို `ဒီမြို့ကနေ
ခင်္ဗျားထွက်ပြေးလို့မရဘူး ၊ သေရင်တောင်ဒီမြို့မှာပဲသေရမယ်´
၁၉၃၃ ၊ အခု ၂၀၁၂ ၊ ကဗာဖီ ၊ ၂၁/၁၂/၂၀၁၂ မှာ ကမ္ဘာပျက်မယ်
မပျက်ခဲ့ရင် ၂၀၁၃ ၊ ရှေ့နှစ်ဆိုခင်္ဗျားဆုံးတာနှစ်(၇၀)ပွဲတော်ပဲ
ဟစ်တလာလည်းရှိ ကဒါဖီလည်းရှိ
ဘားတော့လ်တ်ဘရက်(တ်)လည်းရှိ ယန္နစ္စ ရစ်တ်ဆော့စ်လည်းရှိ
ရင်ပြင်နီလည်းရှိ တီယင်န်အန်မင်းန်လည်းရှိတဲ့
ဒီမြို့မှာပဲပြန်ဆုံကြရမှာပဲလေ
အခြေခံအဆောက်အအုံနဲ့ အပေါ်ထပ်အဆောက်အအုံတွေရဲ့ လမ်းတွေမှာ
အဆောက်အအုံဝါဒနဲ့ ပို့စ်အဆောက်အအုံဝါဒတွေရဲ့ ကမ်းခြေမှာ
ရပ်ကြည့်လိုက်ရင် ပင်လယ်ပြင်ရဲ့အနက် ကောက်ခြင်းများမိုးကုတ်စွန်မှာ
ဒူးခေါင်းအထိလှိုင်းလာပုတ်တော့
မြို့လည်မှာ ငါတို့ ရှိ/သိ ပြန်ရောက်နေကြတယ်

ဆိပ်ကမ်းမှာ နေရောင်ထဲဝင်းနေကြတဲ့ စစ်င်္ဘောတွေ
စစ်ပွဲရဲ့ စားတော်ပွဲအတွက် ယာဇ်ကောင်သစ်တွေတင်နေတယ်
ဓါတုလက်နက်တွေ ၊ ကလပ်စ်တာဗုံးတွေ ၊ ခလုတ်တစ်ချက်နှိပ်တွေ
တိုးတက်မှုတွေ ၊ ဖုံးကွယ်မှုတွေ ၊ အနိုင်ကျင့်နင်းချေဖျက်စီးမှုတွေ
မျှော်လင့်ချက်သစ်တွေ ၊ မြို့ပြနိုင်ငံတော်မှ နိုင်ငံတော်သစ်ရဲ့
မြို့ကြီးပြကြီးတရားဓမ္မနဲ့ ဟီးထနေတာတွေ . . . .
ပြီးပါပြီတွေ ၊ မပြီးဆုံးသေးတွေ ၊ လာဦးမှာတွေ . . .

အားဖြည့်မိန့်ခွန်းတွေ ၊ အောင်စည်တော်တွေ ၊ သွေးသောက်တွေ
တစ်သက်လုံးအသုံးချခံခဲ့ရတဲ့ `ပြည်သူ´ တွေ `ပြည်သူ´တွေ . . . .

ဒီမြို့ဟာ ငါတို့ကို မမြင်ရတဲ့ သံပတ်တွေပေးနေပြန်ပြီ ၊ ကဗာဖီ
ထရွိုင်းဟာ ငါတို့ကိုခေါ်နေပြန်ပါပြီ
ထရိုဂျင်မြင်းရဲ့ ဟီသံတွေမကြားချင်လည်း ကြားနေပါပြီ
ဒီတစ်မြို့ပဲကျန်တော့တာလား
ကမ္ဘာကြီးကို ရွာလုပ်လိုက်တာ ဒီတစ်မြို့တည်းပဲလား ၊ ကဗာဖီ . . . ။ ။

ဇေယျာလင်း
16 – Feb – 12

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>