Wislawa Szymborska

ဗီဆွာဗါ ရှင်မ်ဘော်စကာ (1923 – 2012)

၁၉၉၆ စာပေနိုဘဲလ်ဆုရ ပိုလန်ကဗျာဆရာမ ဗီဆွာဗါ ရှင်မ်ဘော်စကာ Wislawa Szymborska ဟာ ပိုလန်နိုင်ငံ Krakow ကရာကောဝ်မြို့မှာပဲ ဖေဖေါ်ဝါရီ ၁၊ ၂၀၁၂ မှာ အဆုတ်ကင်ဆာနဲ့ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၈၈ နှစ် ရှိပါပြီ။

ရှင်မ်ဘော်စကာဟာ ၁၉၂၃ မှာ ပိုလန်အနောက်ပိုင်းက မြို့လေးတစ်မြို့မှာ ဖွားမြင်ပါတယ်။ အသက် ၈နှစ်အရွယ်မှာ မိသားစုနဲ့ ကရာကောဝ်မြို့မှာ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ၁၉၄၅ ကနေ ၁၉၄၈ အထိ Jagellonian University မှာ ပိုလန်စာပေအနုပညာနဲ့ လူမှုဗေဒ ဘာသာရပ်ကို သင်ယူခဲ့ပါတယ်။ သူမရဲ့ ပထမဆုံးကဗျာဖြစ်တဲ့ `I am Looking for a Word´ `စကားလုံးတစ်လုံးကို မိမိ ရှာဖွေနေ တယ်´ ဟာ Dziennik Polski နေ့စဉ်သတင်းစာမှာ ဖေါ်ပြပါရှိခဲ့ပါတယ်။

၁၉၅၃ ကနေ ၁၉၈၁ အထိ ကရာကောဝ် စာပေအပတ်စဉ်ဖြစ်တဲ့ Zycie Literackie မှာ အယ်ဒီတာနဲ့ ပင်တိုင်ဆောင်းပါးရှင်အ ဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ တက္ကသိုလ်တက်နေစဉ်မှာပဲ ကရာကောဝ်စာပေအသိုင်းအ၀ိုင်းဝင်တွေနဲ့အတူ ၁၉၈၀ စာပေနိုဘဲလ်ဆုရ ပိုလန် ကဗျာ ဆရာကြီး ချက်ရှ်လော် မီလော့ရှ် Czeslaw Milosz နဲ့ ပထမဦးဆုံးအကြိမ်တွေ့ရှိခဲ့ပါတယ်။ သူမရဲ့ ပထမဆုံး လုံးချင်းကဗျာ စာအုပ်ကို ၁၉၅၂မှာ ထုတ်ဝေခဲ့ပြီး သူမ မကွယ်လွန်ခင်အထိလုံးချင်း ကဗျာစာအုပ်ပေါင်း ၁၅ အုပ်ထက်မနည်း ထုတ်ဝေခဲ့ပါတယ်။ ၁၉၉၁ မှာ Goethe ဆု ၊ ၁၉၉၅ မှာ Herder ဆု ၊ ၁၉၉၅ မှာ Poznan University ကချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် စာပေအနုပညာ ဒေါက်တာဆု ၊ ၁၉၉၆ မှာ Polish Pen Club ဆုနဲ့ ၁၉၉၆မှာပဲ စာပေ Nobel ဆုတို့ဆွတ်ခူးရရှိခဲ့ပါတယ်။

ရှင်မ်ဘော်စကာရဲ့ ဘ၀မှာ ၂၀ရာစုရဲ့ ပိုလန်နိုင်ငံသမိုင်းဖြတ်သန်းမှုတွေကြုံခဲ့ရပါတယ်။ ၁၉၃၉ မှာ နာဇီဂျာမနီအောက်ရောက် ခဲ့ရတဲ့ ပိုလန်။ ဒုတိယကမ္ဘာစစ်အပြီး ဆိုဗီယက်အင်ပါယာရဲ့ လက်အောက်ခံကွန်မြူနစ်တိုင်းပြည်ပိုလန်။ ဒီမိုကရေစီလှုပ်ရှားမှုဖြစ်တဲ့ Solidarity ကာလနဲ့ နောက်ပိုင်းမာရှယ်လော။ သူမဟာ ကွန်မြူနစ်ပါတီဝင်ဖြစ်ခဲ့ဘူးပါတယ်။ ကဗျာဝေဖန်ရေးဆရာ Edward Hirsch နဲ့ အင်တာဗျူး (၁၉၉၆) တစ်ခုမှာ သူမပြောခဲ့တာက ––

“ကျွန်မငယ်တုန်းက ကွန်မြူနစ်ဝါဒကို ယုံကြည်ခဲ့ပါတယ်။ ကမ္ဘာကြီးကို ကွန်မြူနစ်ဝါဒကတစ်ဆင့် ကယ်တင်ချင်ခဲ့တယ်။ မကြာခင်မှာပဲ သိလိုက်ရပါတယ် ၊ ဒီဝါဒနဲ့တော့ အလုပ်မဖြစ်ဘူးဆိုတာ။ ဒါပေမယ့် ဒီဝါဒကို ကျွန်မတစ်ချိန်တုန်းက ယုံကြည်ခဲ့တယ်ဆိုတာကို မဖုံးကွယ်ချင်ပါဘူး။”


၁၉၆၆မှာ ကွန်မြူနစ်စနစ်ကို ဝေဖန်တိုက်ခိုက်တဲ့ ပိုလန် ဖီလော်ဆော်ဖါဖြစ်သူ Leszek Kolakowski ကို အာဏာပိုင်တွေက အရေးယူလိုက်တဲ့အခါ ရှင်မ်ဘော်စကာဟာ အာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက်ကို ဆန့်ကျင်တဲ့ အနေနဲ့ သူမရဲ့ ပါတီဝင်ကဒ်ပြားကို ပြန်အပ်လိုက်ပါတယ်။ ပိုလန်နိုင်ငံရဲ့ Solidarity ဒီမိုကရေစီလှုပ်ရှားမှုကာလမှာလည်း သူမဟာ တမင်ကို မထင်ပေါ်အောင်နေခဲ့ပါတယ်။

သူမရဲ့ ပထမအိမ်ထောင်ဟာ မတည်မြဲခဲ့ပါဘူး။ လင်ဖြစ်သူ ကဗျာဆရာ Adam Wlodek နဲ့ ကွာရှင်းခဲ့ပြီး စာရေးဆရာ Kornel Filipowicz နဲ့အတူ ၁၉၉၀ မှာ ကွယ်လွန်သွားတဲ့အထိ တစ်သက်လုံး အတူနေသွားခဲ့ပါတယ်။


၁၉၉၆ စာပေနိုဘဲလ်ဆု ရွေးချယ်ချီးမြှင့်ရေးအဖွဲ့ဖြစ်တဲ့ Swedish Academy ဟာ ရှင်မ်ဘော်စကာရဲ့ ကဗျာကို အောက်ပါ အကြောင်းကြောင့်ရွေးချယ်တာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

`ပြောနေတာနဲ့ဆိုလိုတာနဲ့ ဆန့်ကျင်ဘက်ဖြစ်အောင်တိကျတဲ့သူမရဲ့ ကဗျာတွေမှာ လူဖြစ်မှု အရှိတရား အပိုင်းအစတွေထဲကနပဲ သမိုင်းနဲ့ ရှင်သန်မှုဆိုင်ရာ ဆက်စပ်ဝန်းကျင်တွေပေါ်ထွက်လာကြတာဖြစ်တယ်။´

ပိုလန်ကဗျာဝေဖန်ရေးဆရာ Jerzy Jarzebski အလိုအရ ရှင်မ်ဘော်စကာဟာ `intellectual poet´ `ဥာဏ်ရည်ကို ဦးစား ပေးတဲ့ကဗျာဆရာမ´ ဖြစ်ပြီး `ကမ္ဘာကြီးကို ကဗျာက တစ်ဆင့်စဉ်းစားတာဖြစ်တယ်။´ ဒါပေမယ့် ၊ တစ်ချိန်တည်းမှာပဲ ၊ သူမရဲ့ ကဗျာ တွေဟာ သာမန်ကဗျာဖတ်သူအတွက် ခေါင်းရှုပ်အောင်ရေးတဲ့ ပုံမျိုးမဟုတ်ဘူး။

ဂါးဒီးယန်းသတင်းစာရဲ့ စာပေကဏ္ဍမှာ ဖေါ်ပြပါရှိတာကတော့ ––“သူမရဲ့ လက်ဦးကဗျာတွေဟာ ဆိုရှယ်လစ်ရီယယ်လစ် ဇင်မ် ဟန်လွှမ်းမိုးခဲ့ပေမယ့် ၁၉၅၆ နောက်ပိုင်းမှာ သူမရဲ့ ကွန်မြူနစ်ဝါဒ အပေါ်မယုံကြည်မှု များလာတာနဲ့အမျှ ဒီရေးဟန်ကို သူမစွန့် လွှတ်ခဲ့တာတွေ့ရပါတယ်။ ၁၉၆၂ မှာ ထုတ်တဲ့ `Salt´ ခေါင်းစဉ်နဲ့ ကဗျာစာအုပ်မှာ ဆိုရင် သမိုင်း အဖြစ်အပျက်တွေနဲ့ ပုဂ္ဂလိက အတွေ့အကြုံတွေကို ironic (ပြောဟန်နဲ့ အဓိပ္ပါယ်ဆန့်ကျင်နေကြတဲ့) free verse နဲ့ရေးထားတဲ့ကဗျာတွေပါရှိပါတယ်။´´

Poetry Foundation မှာ တွေ့ရတာကတော့ ––“ ရှင်မ်ဘော်စကာရဲ့ ကဗျာတွေထဲမှာ ကဗျာပရိသတ်မကြာခဏတွေ့ရှိကြ တာဟာ ဇ၀နဥာဏ် ၊ irony ၊ နဲ့ ရိုးစင်းသယောင်ရေးသားပြုလုပ်ထားမှုဖြစ်တယ်။ သမိုင်းနောက်ခံပြုပြီး အိမ်တွင်းရေးအချက်အလက် လေးတွေနဲ့ အဖြစ်အပျက်တွေကို ဆန်းစစ်ထားတာတွေ့ရတယ်။ `The End and the Beginning ´`အဆုံးနဲ့အစ´ဆိုတဲ့ ကဗျာမှာ `စစ်ပွဲကြီးတစ်ပွဲပြီးဆုံးတိုင်း/တစ်ယောက်မဟုတ်တစ်ယောက်ဟာ လှည်းကျင်းရှင်းလင်းရတော့တာပါပဲ´ လို့ပါရှိပါတယ်။ စစ်ပွဲနဲ့ အိမ်တွင်းမှုသန့်ရှင်းရေးတို့ကို တွဲချိတ်ထားတာတွေ့ရပါတယ်။

၁၉၈၀စာပေ နိုဘဲလ်ဆုရ ပိုလန်ကဗျာဆရာကြီးချက်ရှ်လော် မီလော့ရှ်က သူမရဲ့ ကဗျာတွေဟာ မနှစ်မြို့စရာ ကဗျာတွေဖြစ် တယ်လို့ဆိုပါတယ်။ ကဗျာတွေဟာ မနှစ်မြို့စရာကောင်းတာတွေလို့ပြောတာမဟုတ်ပါဘူး။ မနှစ်မြို့စရာအကြောင်းတွေရေးသားထားတဲ့ ကဗျာတွေလို့ဆိုလိုတာဖြစ်ပါတယ်။ သူမရဲ့ ကဗျာတွေကို ဆင်မြူရလ် ဘက်ကစ်တ်ရဲ့ စိတ်ပျက်/စိတ်ဓါတ်ကျ/မှောင်မိုက်တဲ့အမြင်နဲ့ ပမာတင်စားပြောထားပါတယ်။ တစ်ချိန်တည်းမှာပဲ၊ သူမရဲ့ ကဗျာတွေဟာ အသက်ရှူလို့ရသေးတဲ့ ကမ္ဘာလောကကို တင်ပြတယ်လို့ ဆိုပါတယ်။

New York Times Book Review ပင်တိုင်ဆောင်းပါးရှင်ဖြစ်တဲ့ Stanislaw Baranczak ကတော့“ ရှင်မ်ဘော်စကာရဲ့ ကဗျာ တွေအခြေတည်ထားတာဟာ ဘက်နှစ်ဘက်ရဲ့ ထိပ်တိုက်တွေ့ဆုံမှုပဲဖြစ်ပါတယ်။ အကြောင်းအရာ ကိစ္စတစ်ခုပေါ်မှာ တိုက်ရိုက်အဆို ထုတ်ပြောတာဖြစ်စေ စောင်းပါးရိပ်ခြည်ထင်မြင်ချက်ပေးတာဖြစ်စေနဲ့ အဲဒီအဆိုဖြစ်စေထင်မြင်ချက်ဖြစ်စေရဲ့ မှန်ကန်မှုကို သံသယဖြစ် စေအောင် မေးခွန်းထုတ်တာပဲဖြစ်ပါတယ်။ အဲသလို ထိပ်တိုက်တွေ့ဆုံမှုမျိုးဖြစ်ပါတယ်။´´ ရှင်မ်ဘော်စကာရဲ့ ကဗျာတွေထဲမှာ အများ အလွယ်တကူလက်ခံထားတဲ့ အဆိုတွေ ၊ ထင်မြင်ချက်တွေကို ပြန်စဉ်းစားဝေဖန်သုံးသပ်စေလိုတဲ့ စေတနာကို တွေ့ရပါတယ်။

ရှင်မ်ဘော်စကာကိုယ်တိုင်သူမရဲ့ ကဗျာအကြောင်း သူမပြောပြတာကတော့ ––“ကျွန်မနိုင်ငံရေးကဗျာဆရာမ မဟုတ်ပါဘူး။ ကွန်မြူနစ်စနစ်အောက်မှာ နေခဲ့ရတော့ ကိုယ်ရေးကိုယ်တာကိစ္စဟာလည်း နိုင်ငံရေးသဘောသက်ဝင်သွားနိုင်တယ်ဆိုတာကိုတော့ မငြင်းပါဘူး။ . . . . ကျွန်မကဗျာဆရာမဘ၀ခံယူစက လူသားထုကို ကျွန်မချစ်ခဲ့ပါတယ်။ လူသားထုအတွက် အကျိုးရှိတာတစ်ခုခု ကျွန်မလုပ်ပေးချင်ခဲ့ပါတယ်။ မကြာခင်မှာပဲ ကျွန်မသဘောပေါက်သွားပါတယ် ၊ လူသားထုကို ကယ်တင်ဖို့ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ လူသားထုကိုချစ်ဖို့လည်းမလိုပါဘူး ၊ လူတွေကို ကြိုက်နှစ်သက်ဖို့ပဲလိုပါတယ်။ ချစ်တာမဟုတ်ဘူးနော် ၊ ကြိုက်နှစ်သက်ဖို့ပဲ။ ကျွန်မရဲ့ လူငယ်ဘ၀ရဲ့ ခက်ခဲတဲ့ တွေ့ကြုံမှုတွေကနေ ဒီသင်ခန်းစာကို ရရှိခဲ့တာဖြစ်ပါတယ်။´´ သူမကိုယ် သူမနိုင်ငံရေးကဗျာဆရာမ မဟုတ်ဘူး လို့ပြောပေမယ့် သူမရဲ့ ကဗျာတွေထဲမှာ ပိုလန်နိုင်ငံရဲ့ နိုင်ငံရေးသမိုင်းဖြတ်သန်းမှုတွေ တွေ့ရပါတယ်။ ၁၉၅၇ မှာ ထုတ်ဝေတဲ့ `Calling Out to Yeti ´ `ယက်တီကို လှမ်းခေါ်ခြင်း´ ကဗျာစာအုပ်မှာ သူမဟာ ကွယ်လွန်သွားတဲ့ ဆိုဗီယက်အာဏာရှင် စတာလင်ကို ယက်တီဆိုတဲ့ ဒဏ္ဍာရီလာကြောက်မက်ဖွယ်ရာ နှင်းခဲလူသားနဲ့ နှိုင်းယှဉ်ရေးသားခဲ့တာတွေ့ရပါတယ်။ စတာလင်ရဲ့ ကွန်မြူနစ်အင်ပါ ယာအောက်မှာ လူသားလွတ်လပ်ခွင့်နဲ့ အနုပညာလွတ်လပ်ခွင့်တို့ ပျောက်ဆုံးရခြင်းကို ဆန့်ကျင်ရေးသားခဲ့တဲ့ ကဗျာဖြစ်ပါတယ်။ ကဗျာ ထဲကပြောနေသူဟာ ဟိမ၀ံတာ တောင်ထိပ်မှာရပ်ပြီး ယက်တီကို လှမ်းခေါ်ပြောဆိုနေတာဖြစ်ပါတယ်––

`ယက်တီ ၊ ရာဇ၀တ်မှုတွေပဲ

ငါတို့ဆီမှာ ရှိတာမဟုတ်ဘူး။

ယက်တီ ၊ စကားလုံးတိုင်းဟာ

သေမိန့်မဟုတ်ဘူး။´

ရှင်မ်ဘော်စကာဟာ ဟစ်တလာရဲ့ နာဇီဂျာမနီနဲ့ စတာလင်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကွန်မြူနစ်စနစ်တွေကိုသာ ဆန့်ကျင် တိုက်ခိုက်ခဲ့တာမဟုတ်ပါဘူး။ နယ်ချဲ့အမေရိကန်တွေ မွှေးလိုက်တဲ့ ဗီယက်နမ်စစ်ပွဲကိုလည်း လက်မရှောင်ခဲ့တာ တွေ့ရပါတယ်။

ဗီယက်နမ်

“ဟေ့ ၊ ဟာမ ၊ မင်းနာမည်ဘာလဲ” “မသိဘူး”

“မင်းအသက်ဘယ်လောက်ရှိပြီလဲ” “မသိဘူး”

“ဘာဖြစ်လို့ မင်းဒီမြေတွင်းကိုတူးတာလဲ””မသိဘူး”

“မင်းဒီမှာ ပုန်းအောင်းနေတာဘယ်လောက်ကြာပြီလဲ” “မသိဘူး”

“မင်းဘာကြောင့် ငါ့ လက်ချောင်းကို ကိုက်တာလဲ” “မသိဘူး”

“မင်းကို ငါတို့ အန္တရာယ်မပြုဘူးဆိုတာ မင်းမသိဘူးလား” “မသိဘူး”

“မင်းဘယ်သူ့ဘက်ကလဲ” “မသိဘူး”

“ဒါဟာ စစ်ပဲ ၊ မင်းဘက်လိုက်ရလိမ့်မယ်” “မသိဘူး”

“မင်းရွာရှိသေးလား” “မသိဘူး”

“ဒါမင်းရဲ့ ကလေးတွေလား” “ဟုတ်တယ်”။


ရှင်မ်ဘော်စကာဟာ ပြင်သစ်ကဗျာတွေကို ဘာသာပြန်ခဲ့သလို သူမရဲ့ ကဗျာတွေကိုလည်း အင်္ဂလိပ် ၊ ဂျာမန် ၊ ဆွီဒင် ၊ အီတာလျံ ၊ ဒိန်းမတ်က် ၊ ဟေဗြူး ၊ ဟန်ဂေရီ ၊ ချက် ၊ ဆလိုဗက် ၊ ဆာဗို -ခရိုအေးရှင်း ၊ ရိုမေးနီးယား ၊ ဘူလ်ဂေးရီယား အပါအ၀င် ဘာသာအသီးသီးသို့ပြန်ဆိုထားတာတွေရှိပါတယ်။ မြန်မာဘာသာပြန်အပါအ၀င်ပေါ့။

ရှင်မ်ဘော်စကာရဲ့ မူရင်း ပိုလန်ကဗျာကို Stanislaw Baranczak နဲ့ Clare Cavanagh တို့ အင်္ဂလိပ်ဘာသာပြန်လိုက်တဲ့ ` true love ´ ကဗျာကို ကိုကိုသက် မြန်မာမှုပြုထားတာ ဖေါ်ပြလိုက်ပါတယ်။

အချစ်စစ်

အချစ်စစ်တဲ့ ၊ ပုံမှတ်မှဟုတ်ရဲ့လား
အလေးအနက်လား ၊ လက်တွေ့ရောကျရဲ့လား
နှစ်ယောက်တည်းတစ်ကမ္ဘာလုပ်နေတဲ့ လူနှစ်ယောက်က
ဒီကမ္ဘာကြီးကို ဘာပေးနိုင်မှာတဲ့တုန်း။

အကြောင်းပြချက် ခြေခြေမြစ်မြစ် မရှိတဲ့
မဏ္ဍပ်တိုင်ထူလိုက်ကြ
သန်းပေါင်းများစွာထဲက တစ်ယောက်ကို စုံလုံးကန်း ရွေးလိုက်ပြီးမှ
ဒါဟာ ဒီလိုပဲဖြစ်ရမယ်လို့ ယုံကြည်လိုက်ကြ
ဘာအတွက်လဲ – သဲထဲရေသွန်။
ရုတ်တရက် သက်ဆင်း လာတဲ့ အလင်းတန်း။
ဘာကြောင့် တခြားသူတွေပေါ်မကျဘဲ ဒင်းတို့ နှစ်ယောက်ပေါ်ကျ
ဒါဟာ တရားမျှတမှုကို ပါးချတာမဟုတ်လား – ဟုတ်ပါ့။
ဒါဟာ ကျားကုတ်ကျားခဲ ထူထောင်ခဲ့ရတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တာ ၊
အထွဋ်အထိပ် ရောက်ပြီးသား ကျင့်ဝတ်တွေကို လွင့်ပစ်တာ –
ဒါတွေအားလုံးဟုတ်။

အဲဒီစုံတွဲ သဲနေပုံကိုကြည့်။
သိုသိုသိပ်သိပ်မနေနိုင်ကြဘူးလား
သူငယ်ချင်းတွေကို စာနာစိတ်နဲ့ စိတ်ဓါတ်ကျချင်ယောင်ဆောင် မနေသင့်ဘူးလား။
နားထောင်ကြည့် ဒင်းတို့ ရယ်သံကိုက – စော်ကားမော်ကား။
ဒင်းတို့ပြောတဲ့စကားတွေက ရိုးလွန်းလို့ ယုံနိုင်စရာမရှိ။
ဒင်းတို့ရဲ့ အသေးအမွှားပျော်ပွဲတွေ ၊ အပရိက ထုံးတမ်းစဉ်လာတွေ ၊
အပိုဆာလား အပြန်အလှန် နိစ္စဓူဝတွေ –
သေချာတာက အချစ်စစ်ဆိုတာ လူသားမျိုးနွယ်ရဲ့ နောက်ကြောက ကလိန်ခြုံမှု။

လူတိုင်းသာ သူတို့လို အတုမြင်အတတ်သင်ဖြစ်ကုန်ရင် ဒုက္ခ
တွေးတောင်မတွေးရဲ။
ဘာသာတရားနဲ့ ကဗျာကို ဘယ်ပေါ်သွားထားမလဲ။
ဘာတွေကိုတသ ၊ ဘာတွေကို စွန့်ပစ်ရမှာလဲ ၊
ဘယ်သူတွေကများ အနှောင်အဖွဲ့တွေကြား နေချင်ပါတော့မလဲ။

အချစ်စစ်တဲ့ ၊ တကယ် လိုအပ်လို့လား။

အရှက်ကွဲမှုတစ်ခု ဘ၀ရဲ့အမြင့်ဆုံး အသိုင်းအ၀ိုင်းတွေထဲ
လူသူမသိ ကျော်ဖြတ်သွားပုံမျိုး
လိမ္မာရေးခြားရှိမှုနဲ့ ၊ လူပိန်းတွေးတွေးမှုက အချစ်စစ်ကို ဖြတ်ကျော်ဖို့
ငါတို့ကို ပြောတယ်။
ခြောက်ပြစ်ကင်း သားသမီးရတနာလေးတွေမွေးဖို့ အချစ်စစ်မလို။
အချစ်စစ် ဆိုတာ ဒုလ္လဘမို့
သူ့အားကိုးနေရင် နောင်နှစ်တစ်သန်းလည်း ကမ္ဘာ့လူဦးရေ တိုးတက်မှာမဟုတ်။

အချစ်စစ်ကို မကြုံဖူးတဲ့လူတွေ
အချစ်စစ်ဆိုတာ လောကမှာ မရှိဘူးလို့ပြောကြပါစေ။

အဲဒီလိုယုံတော့ သူတို့တွေ အနေဖြောင့် အသေဖြောင့်တာပေါ့။ ။

ဇေယျာလင်း
9 – Feb – 2012

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>