ရွှံ့ကနေ ဘုရားကျောင်းစေတီပုထိုးနဲ့ ရွာကနေအင်ပါယာတွေ
ကျောက်တစ်ချပ်ကနေ ဘာသာစကားယဉ်ကျေးမှုအနုပညာနဲ့ သီအိုရီတွေ
သက်ဦးဆံပိုင်ကနေ သမိုင်းကို ကျောထမ်းခဲ့ရတဲ့ ပြည်သူတို့ရဲ့ အသံတွေ
နေရပ်ဌာနေတွေ အသက်မွေးဝမ်းကျောင်းမှုတွေ ရာဇ၀င်ဒီးဒီးညံ အရေးအခင်းတွေ
ဆယ်စုနှစ်၊ ရာစုနှစ်၊ ထောင်စုနှစ်တွေ သူ့တစ်ဝိုက်မှာဖြစ်ခဲ့တယ်။
မြို့ကြီးပြကြီးမက လက်နက်နိုင်ငံတွေရဲ့သမိုင်းတွင်းထဲမှာ သူရှိခဲ့တယ်။
ပြန်လည်တူးဆွဖေါ်ထုတ်ကြတဲ့အခါ အင်အားရဲ့ ဓါးစာခံလူအရိုးတွေကြား
ဂေါ်ပြားနဲ့ ပစ်တင်ခံလိုက်ရတဲ့ စာမဲ့မှတ်တမ်းတွေထဲမှာ သူပါခဲ့တယ်။
ဘယ်အချိန်ကြည့်ကြည့် ဥတုသုံးလီအောက်မှာ ဘာအကာကွယ်မှ သူမရှိခဲ့။
တစ်ချိန်တုန်းက သူဟာလူစွမ်းကောင်းတစ်ယောက်ရဲ့ နှလုံးလား။
တစ်ချိန်တုန်းက သူဟာ အမှောင်ခေတ်ရဲ့ မြိုသိပ်မျှော်လင့်ချက်လား။
တစ်ချိန်တုန်းက သူဟာ ပေါက်ကွဲခဲ့တဲ့ ဧရာမကြယ်ကြီးရဲ့ သွေးသားလား။
တစ်ချိန်တုန်းက သူဟာ လျှို့ဝှက်နားထောင်ခဲ့ရတဲ့ ရေဒီယိုသတင်းတစ်ပုဒ်လား။
တစ်ချိန်တုန်းက သူဟာ ခေတ်ကြီးရဲ့ ကြိတ်စက်ထဲက စင်ထွက်မာခဲသွားတဲ့ သွေးစက်လား။
မမြင်ရတဲ့ ကကြိုးကနေ မလှုပ်မရှားတင်ဆက်မှု။
သူ့ကို သင့်လက်ဖ၀ါးပေါ် တင်ကြည့်ပါ
အားကိုးရာမဲ့ တစ်ယောက်ရဲ့ နာကျည်းမှုနဲ့ ဖျစ်ညှစ်ကြည့်ပါ
ဒဏ္ဍာရီလာ မီးခွက်တစ်ခုလို မယုံမကြည်နဲ့ ပွတ်ကြည့်ပါ
အရည်ရွှမ်းမှည့်တဲ့ သစ်သီးတစ်လုံးလို သင့်သွားကြားထဲ ကိုက်ကြည့်ပါ။
ပြီးရင် သင်လွှင့်ပစ်လိုက်မှာပါပဲလေ။
တစ်ချိန်ချိန်ရဲ့ တစ်နေရာရာမှာ သင်ဟာ သူဖြစ်သွားဘူးတယ်
ပြီး … သင်ပြန်ဖြစ်သွားတယ်
သင်တွေ့လိုက်တယ် သင်တန့်သွားတယ်
သင်သွားစရာရှိတာ ဆက်ထွက်သွားလိုက်တယ်။
မြစ်ပေါ်မှာ တိမ်တွေအများကြီး စီးနင်းလိုက်ပါသွားခဲ့တယ်
ကြမ်းပြင်မှာ သေ၀ပ်လို့ သို့မဟုတ် စိတ်ကူးတွေဖွဲ့စည်းလို့
ရေထဲဖြတ်ဝင်ထိုးဆင်းတဲ့ အလင်းတန်းဟာ သူ့ပေါ်စပေါ့တ်လိုက်လို
ငါးကြီးတစ်ကောင် အစာထိုးဟပ်နှုတ်သီးနဲ့ ကလော်လိုက်တာ
ပင့်သက်တစ်ခုလို ဝေ့ပြီး မနီးမဝေးမှာ ပြန်အနည်ထိုင်သွားတယ်။
ရေနည်းနည်းပလုံစီ၊ အာရုံတွေ တဖျပ်ဖျပ်ခတ်သွားတယ်
ကုန်းပေါ်မှာ ကိစ္စကြီးကြီးမားမားတွေ ဖြစ်နေကြပြန်ပြီ။
ဒီမှာ ပြန်ပေါ်လာတယ် ၀င်းဝင်းလေး
စာသားတွင်းထွက်ပစ္စည်း အလင်းဝင်းဝင်းလေး။ ။
ဇေယျာလင်း
24 – Jan – 12