မနောမြေကချင်ပြည်နယ် တစ်နေရာမှာ (တိုက်ပွဲငါးပွဲဖြစ်လျှင်)
`လတ်တလော ပဋိပက္ခ´တဲ့။ (တစ်ပွဲအလကားပေးမည်)။
ကျောင်းတုန်းက သူငယ်ချင်း၊ ဘရန်(ဂ်)၊ RASU က။
`ကိုယ်ထူကိုယ်ထ အထက´ ငါတို့ ယုံကြည်ခဲ့ကြတယ်။
လက်ဝဲအယူဝါဒ ငါတို့ယုံကြည်ခဲ့ကြတယ်။
ခေတ်နဲ့အညီပေးဆပ်တာ ငါတို့လေးမြတ်စွာ။
အဲဒီတုန်းက မဆလ ရေဒီယိုပြဇာတ်မှာ မိန်းမအသံ
`ဘရန်(ဂ်)၊ လက်နက်ချလိုက်ပါ၊ ဘရန်(ဂ်)´ ပြီး. . .
`ဗိုလ်ကျီး၊ ဗိုလ်ကျီး၊ ကျွန်မ ဗိုက်ကျီးနေပြီ´။ (ရယ်စရာ)။
ငါ သတင်းစာကို ချလိုက်တယ်။ သတင်းစာသားတွေက ငါ့ကို မချဘူး။
`ရပ်ရွာစွန့်လာကြသူများ´ အတွက် `ယာယီစောင့်ရှောက်ရေး
စခန်း´ တစ်ခုခုမှာ မင်းကိုတွေ့ရမလား။ ရှိသေးရင်ပေါ့။
မင်းရဲ့ကလေးငယ်တွေ `စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု´ ခံစားနေကြသလား။
မင်းရဲ့သက်ကြီးရွယ်အိုတွေ `မိမိကိုယ်မိမိ ယုံကြည်မှုလျော့နည်းလာကာ
စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိသည့် ခံစားချက်များ´ ဖြစ်နေသလား။
နေကောင်းရဲ့လား၊ သူငယ်ချင်း။
မျှော်လင့်ချက်တော့ ပစ်ပယ်လို့ မရဘူးပေါ့။
အစားအစာ၊ အ၀တ်အထည်၊ မီးဖိုချောင်သုံးပစ္စည်း၊
ငွေသားနဲ့အတူ စာရေးကိရိယာတွေပါ ထောက်ပံ့တယ်လို့ ဖတ်ရတယ်။
မင်းကွာ… ငါ့ဆီ စာတစ်စောင်တောင် ရေးဖေါ်မရဘူး။
နိုင်ငံခြားက လှူတာဆိုတော့ စက္ကူကောင်းကောင်း မင်ရောင်စိုစိုပေါ့။
နိုင်ငံခြား ရှယ်စာရွက်ပေါ်မှာ ပြည်တွင်းဖြစ်ကဗျာ မင်းရေးနေမလား၊
အင်္ဂါစုံသေးရဲ့လား၊ သူငယ်ချင်း။ သိပ်မကြာသေးခင်ကပဲ
ပင်နီနဲ့ ကချင်ပုဆိုး ငါတို့မြတ်နိုးခဲ့ကြတယ်။
ကယ်ဆယ်ရေးစခန်းက ကျောင်းလေးမှာ မင်းစာတွေသင်နေမယ်
အဲသလို ငါစိတ်ကူးကြည့်တယ်။ မင်းနဲ့ငါရဲ့ နာသုံးနာ။
`ဒုက္ခသည်စခန်း´၊ `စစ်ဘေးဒဏ်´၊ `စစ်ပြေး´ အသုံးအနှုန်းတွေ
ဘာသာစကားပိုးသတ်ဆေးနဲ့ ဖြန်းလိုက်ပြီ။ သတင်းစာထဲမှာ
ဒဏ်ရာရသူ မပါ၊ သေဆုံးသူ မရှိ၊ `စစ်´နတ္ထိ။
မင်းသင်ရတဲ့ စာတွေကိုကော ပိုးသတ်ဆေးဖြန်းပြီးပြီလား။
ငါတို့သိရတာတွေကိုပဲ ငါတို့ယုံကြည်ရတာဆိုရင်
ငါတို့ဘာပဲသိရသလဲ။ ငါ့တို့ဘယ်လိုသိရသလဲ။
ဘာတွေက ခွင့်ပြုလို့ ဘာတွေကို ခွင့်လွှတ်ရမလဲ။
ကိုယ့်ကိုကိုယ်တောင် ခွင့်လွှတ်စရာမတွေ့သေးဘူး။
ငယ်တုန်းက ငါတို့ကျောင်းပြေးပြီး ရုပ်ရှင်ကြည့်ကြတယ်။
အန်ဂျလီနာ ဂျိုလီရဲ့ နောက်ဆုံးရုပ်ရှင်အကြောင်း ဖတ်ရတယ်။
ဘော်လ်ကန်စစ်ပွဲနောက်ခံကား
`သွေးနဲ့ပျားရည် စီးတဲ့တိုင်းပြည်´။
ဆားဗီးယားစစ်သားလေးဟာ သူ့ရည်းစားဟောင်း
ဘော့စ်နီးယား မူစလင်အမျိုးသမီး(ဂျိုလီ)ကို
လိင်စခန်းတစ်ခုမှာ လိင်ကျွန်အဖြစ် တွေ့လိုက်တယ်။
ဇာတ်ဝင်ခန်းတစ်ခန်းမှာ
ဘော့စ်နီးယား မူစလင်အမျိုးသမီးတွေကို
အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်တာ ပါလိုက်တယ်။
တရုတ်ပြည်၊ နန်ကန်းမြို့မှာလည်း ဖက်ဆစ်ဂျပန်တွေ
ကျင့်လိုက်တာမှ မြို့လုံးကျွတ်၊ လက်တစ်ဆစ်မကျန်ပဲ။
စစ်ဖြစ်ရင် အဲဒါနိယာမပဲလား သူငယ်ချင်း။
မင်းနဲ့ငါကြည့်ခဲ့ဘူးတာ ယူဂိုဆလပ်ကား `ပါတီဇံ´။
နာဇီလက်အောက်မှာ လွတ်လပ်နယ်မြေတွေ တိုက်ယူတာ။
အင်အားမမျှတတော့ အကုန်လက်လွတ်ဆုံးရှုံးတယ်။
သမိုင်းမှာ မာရှယ်တီးတိုး အနိုင်ရခဲ့တယ်။
သမိုင်းပြီးဆုံးတာနဲ့ ယူဂိုဆလားဗီးယား ပြိုကွဲသွားတော့တယ်။
မတွေးဝံ့တာတွေ ငါတွေးနေမိတယ်၊ သူငယ်ချင်း။
အဲဒီ `ယာယီတန်းလျား´ တစ်ခုခုမှာ
ဆေးပေါ့လိပ်တစ်လိပ်နဲ့ စိတ်အလေးဆွဲလို့
မင်းမအိပ်နိုင်ဖြစ်နေမလား။
မင်း၊ ထာဝရအိပ်စက်သွားပြီလား။
စပါးရိတ်သိမ်းရမယ့် အချိန်မှာ
တောထဲဝင်ပုန်းကြသူတွေလည်း ရှိကြတယ်လို့ ဖတ်ရတယ်။
သြော်… မြန်မာပြည်ထိပ်ဖျားမှာမှကွယ်။
… … … … … … … … … … … … … … … … … … … …
အပစ်အခတ် အမှန်တကယ် ရပ်စဲရေး ဒို့အရေး၊ ဒို့အရေး
တွေ့ဆုံညှိနှိုင်းဆွေးနွေးရေး ဒို့အရေး၊ ဒို့အရေး
နိုင်ငံသားအဆင့်အတန်း မခွဲခြားရေး ဒို့အရေး၊ ဒို့အရေး
… … … … … … … … … … … … … … … … … … … …
မင်းနဲ့ငါရဲ့ ငယ်ကတည်းက ခင်မင်မှုအရ
ဒါဟာ တိမ်းရှောင်လာတဲ့ ကဗျာတစ်ပုဒ်
မဖြစ်ရပါစေနဲ့၊ သူငယ်ချင်း။ ။
ဇေယျာလင်း
21 DEC 11