ရှေ့မှောက်ရောက်ရှိလာခြင်း ၊ သူရဲကောင်းဆန်ဆန် (ပါဗဲလ် ဘရစ်ခ်ျ )

လမ်း ၂လမ်းဆုံတဲ့ နေရာမှာ သင်ရပ်လိုက်ရင် –– Na Spackarne လို့ သင်သိကောင်း သိမယ့် ရပ်ကွက်ရဲ့ အိမ်ကလေးတွေကြားမှာ ၊ `စတာလင်ဂရဒ်စကား´လို့ နာမည်ပြောင်းလို့မရနိုင်တော့တဲ့ မြို့ရဲ့ ရပ်ကွက်မှာ (အဲဒီအမည်ပဲ လူတွေဆက်ခေါ်နေကြသေးတာဟာ သမိုင်းရဲ့ ရှေ့နောက်မညီမှုပဲ ၊ ပါမွှားတွေကို ဧရာမနာမည်ကြီးတွေပေးလို့) – အထိမ်းအမှတ်ကျောက်တိုင် ၂ ခုသင်တွေ့လိမ့်မယ် ၊ မို့စ်တ် မြို့ရဲ့မြေအောက်တွင်းလုပ်သားတွေရဲ့ ဆန္ဒပြပွဲမှာ သေဆုံးသွားခဲ့ကြသူတွေကို သတိရဖို့။ ဆန္ဒပြတာ ၂ ခါတိတိ ၊ လူရှစ်ယောက်ပစ် သတ်ခံခဲ့ရတယ်။ ပထမဆန္ဒပြပွဲက ၁၉၂၀ မှာ ၊ပိုနာမည်ကြီးတဲ့ ဒုတိယပွဲက ၁၉၃၂ မှာ။ ငါဟာကဗျာဆရာမဟုတ်ဘူး ၊ ငါဟာမြို့တစ်မြို့ ဖြစ်တယ် ၊ လူတွေရဲ့ အရေးကိစ္စတွေအကြောင်းငါဘာရေးတတ်မှာလဲလေ။ ငါဟာမြို့တစ်မြို့ ၊ မြို့သစ်တစ်မြို့။ အတိတ်ဖြစ်ရပ်တွေ အတွက် ငါသက်သေမတည်နိုင်ဘူး ၊ ငါမြင်တာပဲ ငါဖေါ်ပြနိုင်တယ်။ ဟောဒီမှာ ၊ အပ်တွေလိုချွန်ထက်တဲ့ အရွက်တွေအပြိုင်းအရိုင်းရှိနေ ကြတဲ့ချုံတွေကြားမှာ
ငါကျောက်တုံးတစ်တုံးကိုမြင်တယ်။
ကျောက်တုံးပေါ်မှာ ထွင်းထားတာက
ဒါတွေနဲ့ အဲဒါတွေ ၊ ဟောဒီကနဲ့ ဟောဟိုက ၊ အသက် ၊ မြေအောက်
တွင်းလုပ်သား ဒါတွေနဲ့ အဲဒါတွေ ၊ ဟောဒီကနဲ့ ဟောဟိုက ၊
အသက် ၊ ဖိနပ်ချုပ်ဆရာ

ဇွန်လရဲ့ နေသာတဲ့တစ်နေ့မှာပေါ့ ၊ မို့စ်တ်ရဲ့ ရှေးဟောင်းမြို့မှာ မွေးဖွားကြီးပြင်းလာခဲ့တဲ့ ၂၆ နှစ်အရွယ်ကဗျာဆရာတစ်ယောက်ဟာ လစ္စဘွန်းမြို့ကသူ့ သူငယ်ချင်းပက်ဒရိုကို ဟောဒီအထိမ်းအမှတ်ကျောက်တိုင်ဆီခေါ်လာခဲ့တယ်။
မြေအောက်တွင်းလုပ်သားတွေရဲ့ ဆန္ဒပြပွဲအထိမ်းအမှတ်ကျောက်တိုင်ဆီရောက်တိုင်း သူကြုံတွေ့ခဲ့ရတဲ့ လုံးလုံးအဓိပ္ပါယ်မဲ့မှုအကြောင်း သူ့ပေါ်တူဂီကဗျာဆရာ သူငယ်ချင်းကို သူပြောပြဖို့ ကဗျာဆရာလေးက ရည်းစူးရဲ့။ သူငယ်စဉ်က သူ့အတန်းဖေါ်တွေနဲ့အတူ ၀တ်ဆင်ခဲ့ ကြတဲ့ လူငယ်အသင်းအဖွဲ့ရှပ်အင်္ကျီဝတ်စုံကို ပြန်အမှတ်ရတိုင်း သူအော်ရယ်ခဲ့တယ် ၊ နေ့လည်သင်တန်းတွေကိုလွှတ်ပြီး တပ်မတော် အရာရှိကြီးတွေ ၊ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ တစ်တန်းတည်းမတ်တတ်ရပ်ခဲ့ရတာတွေ။ ရဲဘော်တွေဟာ လွမ်းသူပန်းခွေတွေချတယ် ၊ ရဲဘော်တစ်ယောက်ဟာ မိန့်ခွန်းချွေတယ် ၊ အဲဒါပြီးတော့ `အင်တာနေရှင်နလ်´ သီချင်းသီဆိုခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ ကဗျာဆရာ လိုပဲပေါ့ ၊ သူ့ အတန်းဖော်တွေအားလုံးဟာ ၁၉၆၈ မှာ မွေးဖွားခဲ့ကြတာ။ အထိမ်းအမှတ်ကျောက်တိုင်တွေ ၊ ရဲဘော်တွေ ၊ လူငယ် အသင်းအဖွဲ့ရှပ်အင်္ကျီတွေ ၊ လွမ်းသူ့ပန်းခွေတွေကို ဒီလူငယ်လေးတွေဟာ အကြိုက်မတွေ့ခဲ့ကြဘူး။ `အင်တာနေရှင်နလ်´ သီချင်းကို လည်း သူတို့မကြိုက်ခဲ့ကြဘူး။ နောက်ပြောင်ကျီစားရတာ ကိုတော့ သူတို့ ကြိုက်ကြတယ်။

“မြည်တွန်တောက်တီးပြောဆိုနေကြတဲ့ အဲဒီဗိုက်ပူအဆီရစ်စအိုလေတွေ ၊ ၀တ်စုံတွေနဲ့ ၊ ပခုံးမှာ ရိုင်ဖယ်တွေချိတ်လို့။ သူတို့ခိုင်းတဲ့ အတိုင်းပဲ ကျွန်တော်တို့လည်း `အင်တာနေရှင်နလ်´ သီချင်းကိုသီဆိုခဲ့ကြတယ် ၊ ဒါပေမယ့် မူရင်းပြင်သစ်ဘာသာနဲ့။´´မို့စ်တ်မြို့က ကဗျာဆရာဟာ သူ့ပေါ်တူဂီ ကဗျာဆရာသူငယ်ချင်းကို ရှင်းပြတယ်။´´အဲဒီငနဲကြီးတွေလုံးဝ စိတ်ရှုပ်သွားကြတာပဲပေါ့။ ကျွန်တော်တို့ ကျောင်းကဆရာ/ဆရာမတွေကောပဲ။ တပ်မတော် အရာရှိကြီးတွေကောပဲ။ အဲဒီကိစ္စကို ဘယ်ရဲဘော်ကမှ ဘာလုပ်ရမယ်မသိခဲ့ကြဘူး။ သူတို့မှာ ထူးချွန်ရဲဘော်အသိအမှတ်ပြု မှတ်တမ်း တွေနဲ့ ၊ သူတို့မျက်နှာတွေပေါ် နက်နက်ထွင်းထားတဲ့ ပြဿနာ အကြပ်အတည်း ပေါ်ပေါက်မှုဆိုင်ရာ သင်ယူထားမှုတွေနဲ့ ၊ သူတို့ဘယ်လို တုန့်ပြန်ရမလဲကို မသိခဲ့ကြဘူးဗျာ။ ကျွန်တော်တို့ဟာ သူတို့ကို အရွဲ့တိုက်တဲ့ အတွက် ကျွန်တော်တို့ကို တားမြစ်လိုက်ရမလား ၊ ဒါမှမဟုတ် သူတို့နဲ့ အတူမကြုံစဘူး သီချင်းလိုက်သီဆိုနေကြတဲ့ ကျွန်တော်တို့ကို ၀မ်းသာအယ်လဲဖြစ်ရမလားပေါ့။
ကျွန်တော်တို့သီချင်းဆိုခဲ့ကြတယ် အဲသလိုသီချင်းဆိုခြင်းအားဖြင့် သူတို့ရဲ့ အခမ်းအနားပွဲတွေကို ကျွန်တော်တို့ဟားလိုက်ကြတာပဲပေါ့ ၊ သူတို့ရဲ့ အထိမ်းအမှတ်တွေကိုလည်း ဟားလိုက်တယ် ၊ သူတို့အတွက် လိုအပ်ချက်ကို အသိအမှတ်ပြုမှု သက်သက်ပဲရှိတဲ့ လွတ်လပ်မှု ကို သူတို့ထာဝရ ကြောက်ရွံ့နေကြတာကိုလည်း ကျွန်တော်တို့ ဟားလိုက်ကြတယ်။´´

မို့စ်တ်မြို့သားကဗျာဆရာလေးဟာ သူ့ဇာတ်လမ်းကို ဆုံးလိုက်ပြီး အထိမ်းအမှတ်ကျောက်တိုင်ဆီလှမ်းသွားလိုက်တယ်။ ပေါ်တူဂီကဗျာ ဆရာဟာ သေဆုံးသူတွေရဲ့ အမည်တွေကို ဖတ်နေတယ်။
ရုတ်တရက်ပဲ ၊ သူတို့ ၂ ယောက်ဟာ လုံးဝအလေးအနက်ဖြစ်သွားကြတယ်။ သူတို့ဟားတိုက်ရယ်မောဖို့ ရောက်လာကြတာကို သူတို့မေ့ သွားကြတယ်။ `အင်တာနေရှင်နလ်´ သီချင်းနဲ့ လူငယ်အသင်းအဖွဲ့ရဲ့ ရှပ်ဝတ်စုံတွေဟာ အဓိပ္ပါယ်ကင်းမဲ့တာ မဟုတ်တော့ဘူး။ သူတို့နှစ် ယောက်နဲ့ ပစ်သတ်ခံရတဲ့ လူသေတွေပဲကျန်တော့တယ်။ လူတွေဟာ လူတွေလိုနေရကောင်းမှန်း မသိကြတဲ့လူတွေ အကြောင်းတွေးပြီး သူတို့နှစ်ယောက်ဟာ နက်နက်ရှိုင်းရှိုင်း ၀မ်းနည်းသွားကြရှာလေတယ်။

ကျွန်တော်ဟာ မြို့သစ်တစ်မြို့ပါ ၊ လူတစ်ယောက်မဟုတ်ပါဘူး။
ကျွန်တော်ဟာ သူရဲကောင်းတစ်ယောက်မဟုတ်ပါဘူး။ ကျွန်တော့်နံရံတွေကို
ကျွန်တော်မကာကွယ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော့်လမ်းတွေပေါ်မှာနဲ့
ကျွန်တော့်အိမ်တွေထဲမှာ လူတွေဟာ တကယ်လူသားပီသကြရင် ကျွန်တော့်
စိတ်ထဲသူရဲကောင်းစိတ်တွေဖြစ်လာတယ်။
အဲဒီကဗျာဆရာ ၂ ယောက်ကို ကျွန်တော့်ရင်ထဲသိမ်းဆည်းထားမိပါရဲ့ ။ ။

ပါဗဲလ် ဘရစ်ခ်ျ

(ချက်နိုင်ငံသား ပါဗဲလ် ဘရစ်ခ်ျ Pavel Brycz <၁၉၆၈ ဖွား>ရဲ့ `I, City ´ ထဲက `an appearance, heroic´ ကို ဆီလျော်အောင် ဘာသာပြန်ထားတာဖြစ်ပါတယ်။)

ဇေယျာလင်း
12 Dec 11

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>