၁၉၇၃ ခုနှစ်ဖွား ယန်ကျွံ့ Yan Jun ဟာ ကဗျာဆရာလည်းဖြစ်၊ ဂီတပညာရှင်လည်းဖြစ်ပါတယ်။ တရုတ်ပြည်အနောက်မြောက် ပိုင်းက လန်ကျိုမှာ မွေးဖွားခဲ့ပါတယ်။ လန်ကျိုတက္ကသိုလ်မှာပဲ တရုတ်စာပေအနုပညာဘာသာရပ်ကို လေ့လာခဲ့ပါတယ်။ ၁၉၉၉မှာ ပေကျင်းကို မပြောင်းခင်အထိ အယ်ဒီတာ အလုပ်လုပ်ခဲ့ပါတယ်။

သူဟာ များသောအားဖြင့် diary poems ဒိုင်ယာရီကဗျာတွေရေးတာ များပါတယ်။ သူ့ကဗျာတော်တော်များများဟာ နေ့စွဲတပ်ထားတဲ့ နေ့စဉ်မှတ်တမ်းကဗျာ အမျိုးအစားဖြစ်ပါတယ်။ သူ့ကဗျာတွေဟာ ဖျတ်လတ်ပြီး နိမိတ်ပုံတစ်ခုပြီးတစ်ခု ရုတ်ချည်းပြောင်းတာ တွေ့ရပါတယ်။ သူ့ကဗျာတွေမှာ ထပ်ကြော့တွေလည်းပါရှိပါတယ်။ `ရပိုင်ခွင့်/ လုပ်ပိုင်ခွင့် တရားဝင်ကြေညာစာတမ်းဆွန္နက်´ ကဗျာမှာ ဆိုရင် လိုင်းတိုင်းမှာ I demand `ကျွန်ုပ်တောင်းဆိုတယ်´ ကို ထပ်ကြော့သုံးထားပါတယ်။ အဲဒီကဗျာထဲမှာပဲ တရုတ်ပြည်ရဲ့ အင်တာ နက်ဆင်ဆာကို ထေ့ထားပါတယ်။ တရုတ်ပြည်မှာ အင်တာနက်မှာ သုံးစွဲခွင့် ပိတ်ပင်ထားတဲ့စကားလုံးတွေ စာရင်းလိုက်ရှိပါတယ်။ `ချုပ်နှောင်ခံထားရတဲ့ စကားလုံးတွေ´လို့ သုံးထားတာ တွေ့ရပါတယ်။
“နိုင်ငံရေးနဲ့ ပတ်သက်လို့ ‘ရပိုင်ခွင့်/ လုပ်ပိုင်ခွင့် တရားဝင်ကြေညာစာတမ်း ဆွန္နက်’လို ကဗျာမျိုးတွေဟာ နိုင်ငံရေးကဗျာထက် နိုင်ငံရေးလုပ်ရပ်တွေလို့ ကျွန်တော် သတ်မှတ်ပါတယ်။ ကဗျာအားလုံးဟာ နိုင်ငံရေးကဗျာဖြစ်ရင်ဖြစ်၊ မဖြစ်ရင် နိုင်ငံရေးကဗျာဆိုတာ မရှိပါဘူး။ အဲဒါဘာကြောင့်လဲဆိုတော့ ကဗျာရေးခြင်းကိုယ်တိုင်ဟာ နိုင်ငံရေးလုပ်ရပ်ဖြစ်နေလို့ပါပဲ” လို့ သူ့ ဘလော့ဂ်မှာ တင် ထားပါတယ်။ www.yanjun.org ဖြစ်ပါတယ်။
ဂီတနဲ့ ပတ်သက်လို့ သူဟာ ၁၉၉၈ ကတည်းက Subjam ဆိုတဲ့ အမည်နဲ့ သူရဲ့ စင်တင်ဂီတတွေမှာ hypnotic noise `စိတ်ညှို့ဆူညံသံ´တွေ ဖန်တီးပြုလုပ်ခဲ့ပါတယ်။ ၂၀၀၄ မှာ Kwan Yin အမည်တံဆိပ်နဲ့ စမ်းသပ်ဂီတတွေ ရှာဖွေဖန်တီးပြုလုပ်ခဲ့ ပါတယ်။ ဂီတပွဲတွေ စီစဉ်သူ၊ ဂီတဖျော်ဖြေရေး ပါဝင်တင်ဆက်သူလည်း ဖြစ်သလို ဂီတဆိုင်ရာ ဝေဖန်ရေး အက်ဆေးတွေ၊ ခေတ်ပြိုင် တရုတ်ပြည်ဆိုင်ရာ ရှင်းလင်းရေးသားချက်တွေကိုလည်း ရေးသားသူဖြစ်ပါတယ်။
သူ့ကဗျာတွေဟာ `49 Poems ´ ကဗျာပေါင်းချုပ် (၁၉၉၆)၊ ` Infrasonic Sound ´ ကဗျာပေါင်းချုပ် (၂၀၀၁) နဲ့ `Impossible´ ကဗျာပေါင်းချုပ် (၂၀၀၆) တွေမှာ ဖေါ်ပြပါရှိပါတယ်။ သူ့ကဗျာတွေကို အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်နဲ့ ဒတ်ခ်ျဘာသာ တွေနဲ့ ဘာသာပြန်ထားကြတာလည်းရှိပါတယ်။
ဂျူလိုင် ၁၉၊ မိမိ
…. ခြင်တွေနဲ့ ပီယာနိုတစ်လုံးပဲ ကျန်ရှိတယ်
ဂျူလိုင်ညတစ်ည ဘာမှမရှိတဲ့ ဟာလာဟင်းလင်းကြီးလိုပဲ
ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်လို့ မိမိဘာမှမသိဘူး
မိမိဖြတ်လျှောက်သွားတယ် မေ့သွားတယ် သော့ကိုထုတ်လိုက်တယ်
ဘာမှမရှိတဲ့ ဟာလာဟင်းလင်းဆိုတာ မဖြစ်နိုင်မှန်းလည်း မိမိသိတယ်
မိမိချွေးထွက်နေတယ် မိမိကိုမိမိ ပြန်ကြည့်ပြီး
မိမိတကယ်သိသလား မသိဘူးလားဆိုတာကိုလည်း မိမိမသေချာ
ဒါမှမဟုတ် မိမိတကယ်မသိတာလည်းဖြစ်နိုင်တယ်
ဂျူလိုင်ရဲ့ အရိုင်းအစိုင်း သတ္တ၀ါတွေအကြောင်း
လိုတာထက် မိမိပြောဆိုခဲ့ပြီးပြီ
ခြင်ဆေးခွေဟာပြာဖြစ်သွားပြီ
ပီယာနိုဟာ စိတ်ရှည်စွာပဲ
မိမိအကြောင်းမိမိ လိုတာထက် အလွန်အကျွံပြောဆိုခဲ့ပြီးပြီ
ဓါတ်လှေခါးထဲမှာ မိမိဟာ ဘာမှမရှိတဲ့ ဟာလာဟင်းလင်း ဘယ်သူမှမဟုတ် ။ ။
ရပိုင်ခွင့်/ လုပ်ပိုင်ခွင့် တရားဝင်ကြေညာစာတမ်း ဆွန္နက်
မြေအောက်ရထားနဲ့ အော်တိုမက်တစ်လက်မှတ်စစ် စနစ်ကို ဖျက်သိမ်းဖို့၊
ကမ္ဘာကြီးပြီးဆုံးသွားတဲ့ အထိ ကာယအားနဲ့ပဲ လက်မှတ်စစ်ဆေးမှုကို
ဆက်လက်ပြုလုပ်ဖို့ ကျွန်ုပ်တောင်းဆိုတယ်။
အမေရိကန်နိုင်ငံရဲ့ သမ္မတရာထူးရရှိဖို့ လူသားအားလုံး
မဲပေးပိုင်ခွင့် ကျွန်ုပ်တောင်းဆိုတယ်။
သားဆက်ခြားရေး၊ လိင်တူအိမ်ထောင်ပြုမှု အားပေးရေး၊
လိင်ကွဲအိမ်ထောင်ပြုမှုအပေါ် ငွေဒဏ်ချမှတ်ရေး ကျွန်ုပ်တောင်းဆိုတယ်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ semicolon တွေ၊ comma တွေအားလုံး
ဖယ်ရှားရေး ကျွန်ုပ်တောင်းဆိုတယ်။
မာကျောက်လောင်းကစားနဲ့ KTV တွေပိတ်ပင်ဖို့၊ မနက် ၅နာရီမှာ
လမ်းပေါ်ခွေးနဲ့ ထွက်လျှောက်သူအားလုံးကို ထိမ်းသိမ်းဖို့၊
ရဲစခန်းတွေမှာ ပုံမှန်ကဗျာရွတ်ပွဲတွေ ပြုလုပ်ခြင်းကို တားမြစ်ဖို့
ကျွန်ုပ်တောင်းဆိုတယ်။
အနုပညာကို ဖျက်သိမ်းဖို့နဲ့ ဘယ်သူမဆိုရဲ့ ဘ၀နေထိုင်မှုပုံစံ
ပြောင်းလဲခြင်းတွေကို တားမြစ်ဖို့ ကျွန်ုပ်တောင်းဆိုတယ်။
ဒဏ်ရာတွေကို ဆားသိပ်ဖို့၊ ၀ိုင်တွေကို အဆိပ်ခတ်ဖို့၊
ပူလောင်နေတဲ့ မျက်နှာတွေပေါ် အေးစက်တဲ့ တင်ပါးတွေ ကပ်ထားဖို့
ကျွန်ုပ်တောင်းဆိုတယ်။
အဆောက်အဦကြီးတွေ အရွယ်အစားရှိတဲ့ အသံချဲ့စက်နှစ်လုံး
တပ်ဆင်ဖို့နဲ့ ရှုခင်းလှတဲ့ အရပ်တွေမှာ ဘယ်ပရိသတ်မှ မလာကြတဲ့
ဆူညံမှုစင်တင်တေးဂီတပွဲတွေပြုလုပ်ဖို့ ကျွန်ုပ်တောင်းဆိုတယ်။
မင်းနဲ့ငါ အတူနေကြဖို့၊ ဘယ်တော့မှမခွဲခွာဖို့ ကျွန်ုပ်တောင်းဆိုတယ်။
အမှတ်ရမှုတွေ၊ အနက်ရောင်ပန်းတွေ၊ စက်ဘီးတွေပေါ် လင်းလက်ကြပြီး
ကလေးမျက်နှာလေးတွေ ဖြစ်သွားကြတဲ့ ကြယ်တွေ ကျွန်ုပ်တောင်းဆိုတယ်။
‘မင့်အမေ စ ပတ်’ ‘ကျန်ဇီမင်း’ စတဲ့ အချုပ်နှောင်ခံစကားလုံးတွေ
လွှတ်ပေးဖို့ ကျွန်ုပ်တောင်းဆိုတယ်။
တောင်းဆိုမှုတွေ၊ တားမြစ်ပိတ်ပင်ထားတဲ့ တားမြစ်ပိတ်ပင်ထားမှုတွေ၊
ရုပ်သိမ်းလိုက်တဲ့ ရုပ်သိမ်းမှုတွေ၊ မဲ့ရွဲ့ပြတဲ့ မဲ့ရွဲ့ခြင်းတွေ၊
သူ့ခံစားမှုတွေကို အမြဲထုတ်ဖေါ်နေတဲ့ ငနဲကို ကြိုးတုပ်မှု၊
ကျွန်ုပ်တောင်းဆိုတယ်။
ငရဲတံခါးဝမှာ သီချင်းအော်ဆိုခြင်းနဲ့ ဘတ်စ်ကားပေါ်
အိပ်စက်ခြင်း ကျွန်ုပ်တောင်းဆိုတယ်။
တိတ်ဆိတ်မှုကို ဆက်လက်ထိမ်းသိမ်းဖို့ ကျွန်ုပ်တောင်းဆိုတယ် . . .
ဒီခဏငယ်လေး
(၆၀နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်မှုသို့)
ဟောဒီခဏငယ်လေးမှာ တရုတ်ပြည်မှာ ဘာနယ်နိမိတ်မှ မရှိဘူး၊
မနက်ခင်းတေးသံမရှိဘူး၊ ရုပ်သံဌာန သွက်ချာပါဒမရှိဘူး၊
လူဦးရေသန်းတစ်ထောင်ဟာ သူတို့အရေပြားတွေအောက်က နိုးထလာကြတယ်။
အခြားသူတွေဟာ အခြားစပေ့စ်/စကြာဝဠာက ၀င်ရောက်လာကြတယ်။
ဟောဒီခဏငယ်လေးမှာ ဘာအနာဂတ်မှ မရှိဘူး၊ အတိတ်ကို ဥပေက္ခာ၊
အနာဂတ်ဟာ ဘယ်တော့မှ မဖြစ်သေးဘူး၊ အတိတ်ကိုမြိုချလိုက်ပြီ၊
ဟောဒီခဏငယ်လေးပိုင်ဆိုင်တဲ့ အတိတ်၊ အခုအတိတ်ဟာ
ပြန်လည်မွေးဖွားလာပြန်ပြီ။
ဟောဒီခဏငယ်လေးမှာ မျက်ရည်စက်လက်နဲ့ သတင်းစစ်သူကြီးဟာ
သူမရဲ့ ခွေးရုပ်ထွက်နေတဲ့ သတင်းအဖွဲ့နဲ့ ညစာထိုင်စားတယ်၊
ရုတ်တရက်လဲကျသေဆုံးသွားတယ်၊ ဓနရှင်ဒီမိုကရေစီအလင်းစူးစူးထဲ၊
ရေခဲမုန့်ကပေးတဲ့ စိတ်အားတက်ကြွမှု။
ဒီခဏငယ်လေးဟာ အစိုးရမရှိတဲ့ တရုတ်ပြည်၊
လမ်းအချက်ပြမီးတွေဟာ မိမိရဲ့ ဘ၀ကို သွန်သင်ဆုံးမတယ်။
ဟောဒီခဏငယ်လေးမှာ ဘာမှ ပြုပြင်မွမ်းမံစရာမရှိဘူး၊
ဟောဒီခဏငယ်လေးမှာ ဘာမှ ဖြိုဖျက်စရာမရှိဘူး၊
အတိတ်ဟာ အရှက်တကွဲ အကျိုးနည်းဖြစ်ရလေခြင်း၊
ဒါဟာ အတိတ်မေ့ရောဂါကို သောက်ရမယ့် အချိန်၊ ပြီး
မေ့သွားတာတွေကို ထွေးထုတ်လိုက်။
ဟောဒီအခိုက်မှာပဲ ပေကျင်းဟာ ပုံသဏ္ဍာန်ပြောင်းသွားတယ်၊
ဖြစ်နိုင်ချေသက်သက်ဖြစ်သွားတယ် ။
ဟောဒီခဏငယ်လေးမှာ ပါတီနဲ့ ပြည်သူဟာ အချင်းချင်း
ပြုစုပျိုးထောင်လိုက်ကြတယ်၊ ဆိုတော့ကာ ပါတီနဲ့ပြည်သူဟာ
သဘာဝမြေဩဇာနဲ့ပဲကြီးထွားလာကြတယ်။ ပါတီနဲ့
ပြည်သူဟာ အချင်းချင်းရေချိုးသန့်စင်ပေးပြီးပြီ၊
မီဒီယာ အနုပညာမှာ အချင်းချင်းဖက်ပြီး ငိုခဲ့ကြပြီးပြီ။
ဟောဒီခဏငယ်လေးမှာ ရေဒီယိုလှိုင်းကို အနှောင့်အယှက်ပြုသံပဲ
ကြားရတယ်၊ တီယင်အန်မင်းကို စပက်ဂတီမကောင်းဆိုးဝါး
သတ္တ၀ါပျံကြီးက အထွဋ်အမြတ်နေရာအဖြစ်သန့်ရှင်းစင်ကြယ်စေတယ်။
ဟောဒီခဏငယ်လေးဟာ အနောက်တိုင်းမှာ သွားရောက်သွန်သင်ပို့ချဖို့
ထွက်သွားတဲ့ ရှေးဟောင်းခေတ်က ကိုယ်လုံးတီး ငနဲဖြစ်တယ်၊
မနက်ဖန်အတွက် လေယာဉ်လက်မှတ်ကြိုတင်သွားဝယ်တယ်၊
လေယာဉ်ခရီးစဉ် ဖျက်သိမ်းလိုက်တယ်၊ အဲဒါကြောင့် အခုသူဟာ
ဟောဒီခဏငယ်လေးထဲမှာ ပိတ်မိနေတယ်၊
ဗောဓိသတ္တတစ်ပါး တဖြေးဖြေးဖြစ်လာတယ်။
ချက်ချင်းပဲ ဟောဒီစပေ့စ်ဟာ ပျော်ရွှင်ဘွယ်ရာဖြစ်လာတယ်၊
ချက်ချင်း Cola၊ ကို့က် ဟာ ဒေ၀ါလီခံသွားတယ်၊ မိမိတို့
ရေပဲသောက်ကြတယ်၊ မိမိတို့ဟာ ထာဝရအသက်ရရှိထားကြတယ် ။ ။
ဇေယျာလင်း
(28 – Nov – 11)
Jiang Xemin says:
Ni how!