Jason Stumpf [Image: Jacket2.org]

ဂျေဆင်န်စတမ့်ဖ်ရဲ့ လစ်ရစ်က်ကဗျာ အက်ဆေး

လစ်ရစ်က်ကဗျာနှင့် ပတ်သက်၍

[၁]

ကဗျာရဲ့ လျို့ဝှက်ချက်ဟာ ရက်စက်ကြမ်းကြုတ်မှုပဲ။ (၁)

ရက်စက်ကြမ်းကြုတ်မှုမရှိရင် အလှတရားလည်းမရှိနိုင်ဘူး။(၂)

အလှတရားစစ်စစ်ဟာ ရှိတောင့်ရှိခဲစစ်စစ်ပဲ။ (၃)

အမှန်တရားကိုလိုချင်ရင် မိမိကိုမိမိပိတ်ဆို့ရလိမ့်မယ်။(၄)

ခင်္ဗျားကို ကျွန်တော်ဒါတွေပြောနေတာ/ခင်္ဗျားကသိချင်လို့ပဲပေါ့။(၅)

သေအံ့ဆဲဆဲဟာ အနုပညာပဲ(၆)

အနုပညာမှန်သမျှဟာ နာကျင်မှုဝေဒနာ (၇)

နာကျင်မှုဝေဒနာဟာ အမှောင်ထဲကလာတယ်/အဲဒါကို ကျွန်တော်တို့အမြော်အမြင်လို့ခေါ်တယ်။ (၈)

အမြော်အမြင်ကြီးသူရဲ့ လုပ်ရပ်မဲ့ခြင်းဟာ ဘာမှမလုပ်ခြင်းမဟုတ်ဘူး။ (၉)

ကဗျာဟာ ဇိမ်ခံပစ္စည်းမဟုတ်ဘူး။ (၁၀)

စည်းစိမ်ဆိုတာဟာ အ၀ိဇ္ဖာတစ်မျိုးပဲ။(၁၁)

ကျွန်တော်ဟာ ဘာစည်းစိမ်ဥစ္စာမှမရှိတဲ့ ဆင်းရဲသားဆိုတော့ စိတ်ကူးအိပ်မက်တွေပဲ ပိုင်တာပေါ့။(၁၂)

အိပ်မက်တွေဟာ တကယ်မရှိဘူး/တကယ်ရှိတာကသွေးသားပဲ။(၁၃)

အခြားတစ်ယောက်ရဲ့ အရေပြားထဲ/၀င်ရောက်ဖို့ စိတ်ကူးစိတ်သန်း (၁၄)

ချစ်ခြင်းမေတ္တာနဲ့ စိတ်ကူးစိတ်သန်းဟာ တစ်ဖြတ်စပဲဖြစ်တယ် (၁၅)

တစ်ခုခုက ကျွန်တော့်ကိုပြောနေတယ် ၊ ဖြတ်စတစ်စဟာ ချာတိတ်လေးရဲ့/

အိတ်ကပ်ထဲမှာပဲ ကျန်ရစ်ခဲ့ဖို့ ကြံစည်အားထုတ်တယ်။ (၁၆)

[၂]

ဟောဒီတိတ်ဆိတ်မှုကို ကျွန်တော်အလှဆင်ချင်တယ် (၁၇)

ပြီး ၊ အဲဒီတိတ်ဆိတ်မှုဟာ မမောမပမ်းခရီးသွားလို ထွက်ခွာသွားလိမ့်မယ်/

အလင်းရောင်လုံးလုံးမရှိတဲ့ ကြယ်တစ်ပွင့်ရဲ့ ရောင်ခြည်တန်းလို (၁၈)

ညနေခင်းထဲပျော်ဝင်နေတဲ့ကြယ် (၁၉)

(မိမိရဲ့ ငါအတ္တများပျော်ကျနေတယ် ၊ အပျက်မအတွင်းခံဂါဝန်ဟောင်းတွေ) (၂၀)

ကိုယ်ဟာညရဲ့ ထောင့်လေးထောင့်ထဲပြည့်တင်းသွားတဲ့ မိမိအတ္တတစ်ခုဖြစ်သွားတယ်။ (၂၁)

ထောင့်ကိုချိုးကွေ့လိုက်တာနဲ့ ဆောင်းဦးရာသီဖြစ်သွားတယ် (၂၂)

ဆောင်းရာသီရောက်လာဖို့ အခုအချိန်တန်ပြီပေါ့ (၂၃)

ငှက်ကလေးတွေကို ငါဆွဲချလိုက်တယ်။ (၂၄)

ဘာငှက်မှလည်းတေးမသီဘူး။ (၂၅)

သူတို့ငါ့ကို မရဏအ၀တ်အစားတွေဝတ်ဆင်ပေးတယ်/ပြီး အတိဒုက္ခ

သံစဉ်တွေသီဆိုတတ်အောင်သင်ပေးတယ်။ (၂၆)

မရဏ ၊ ပြီး ၊ မရဏ ၊ ပြီး လာဦးမယ့်စစ်ပွဲတွေ။ (၂၇)

စစ်ပွဲအသေးစားလေးမစတင်ခင် ခေတ္တရပ်နားခြင်း။ (၂၈)

[၃]

ဒီဥစ္စာကို ဒီလိုစ လိုက်တယ် – (၂၉)

ဒါပေမယ့် ကိုယ်စ လိုက်တဲ့ ဘာမဆိုကို မပြီးဆုံးခင်မှာပဲ စွန့်လွှတ်ထားခဲ့တယ် – (၃၀)

. . . ဘာမှမပျောက်ကွယ်သွားပါဘူး။ ပြောင်းလဲသွားရုံသာ။ (၃၁)

ဘယ်တော့မှ မပြောင်းလဲတာဟာ/ပြောင်းလဲလိုတဲ့ စိတ်ဆန္ဒပဲဖြစ်တော့တယ်။ (၃၂)

ဘယ်တော့မှပြည့်ပြည့်၀၀ကျေနပ်မှာမဟုတ်ဘူး ၊ စိတ်ပေါ့ ၊ ဘယ်တော့မှ။(၃၃)


ကဗျာတစ်ပုဒ်ရဲ့ ပုံသဏ္ဍာန် (ရေးသားဖွဲ့စည်းပြုလုပ်ပုံ/မှု) ဟာ အဲဒီကဗျာရဲ့ အကြောင်းအရာတွေအနက် အကြောင်းအရာ တစ်ခုဖြစ်ပါတယ်။ အထက်ပါကဗျာဟာ အမေရိကပ်ကဗျာဆရာလည်းဖြစ် ဘာသာပြန်ကဗျာဆရာလည်းဖြစ်တဲ့ Jason Stumpf ရဲ့ ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။ Jacket မဂ္ဂဇင်းအမှတ် ၃၅ ၊ ၂၀၀၈ အစောပိုင်းမှာ ဖေါ်ပြပါရှိတဲ့ ကဗျာဖြစ်ပါတယ်။

ဒီကဗျာရဲ့ ထူးခြားမှုဟာ ပုံသဏ္ဍာန်ပဲဖြစ်ပါတယ်။ ဒီကဗျာကို Essay: Of Lyric Poetry လို့ ခေါင်းစဉ်ပေးထားတဲ့အတွက် ဖတ်သူအဖို့ ပြနာစတက်ရပါတော့တယ်။ ဒါဟာ အက်ဆေးလား။ ကဗျာလား။ အက်ဆေးဆိုတာ စာစီစာကုံးဖြစ်ပါတယ်။ စကားပြေ ပုံစံနဲ့ ရေးတာဖြစ်ပါတယ်။ ကဗျာကတော့ စာစီစာကုံးမဟုတ်ပါဘူး။ စကားပြေပုံစံနဲ့တော့ရေးလို့ရပါတယ်။ စကားပြေကဗျာ prose poem တွေပေါ့။ ကဗျာဆရာဟာ `အက်ဆေး´လို့လည်းသုံး ၊`လစ်ရစ်က်ကဗျာ´ လို့လည်းသုံးထားတော့ ဖတ်သူကို စဉ်စားစေချင်တဲ့သဘော သက်ရောက်ပါတယ်။ ဒါကို အက်ဆေးလို့သဘောထားမလား။ အက်ဆေးနဲ့ကဗျာ ဘာကွာခြားသလဲ။

လိုင်းစီပုံကိုထောက်ရင် ဒီအရေးအသားကို ကဗျာလို့ အကြမ်းဖျဉ်းခေါ်လို့ရပါတယ်။ စကားပြေတစ်ပုဒ်မှာ ၀ါကျတစ်ကြောင်းပြီး တစ်ကြောင်းရေးသွားပါတယ်။ ပိုဒ်အစ ၊ ပိုဒ်အဆုံးရှိပါတယ်။ အခုစာဖတ်သူဖတ်နေတာဟာ စကားပြေပေါ့။ ဒီအရေးအသားမှာတော့ လိုင်းတွေတစ်ကြောင်းပြီးတစ်ကြောင်းစီထားပါတယ်။ အပိုဒ် ၃ ပိုဒ်ခွဲထားပါတယ်။ အပိုဒ် (၁) ၊ (၂)နဲ့ (၃) တို့ဖြစ်ပါတယ်။ အပိုဒ် (၁) မှာ ၁၆လိုင်း ၊ အပိုဒ် (၂) မှာ ၁၂ လိုင်းနဲ့ အပိုဒ် (၃) မှာ ၅ လိုင်းစုစုပေါင်း၃၃လိုင်းပါရှိပါတယ်။

လိုင်းချိတ်တွဲပုံဟာ အပေါ်လိုင်းထဲက စကားတစ်လုံးကို တိုက်ရိုက်သော်လည်းကောင်း ၊ တွဲဘက်သော်လည်းကောင်း ၊ ဆန့်ကျင်ဘက်သော်လည်းကောင်း ၊ အောက်လိုင်းမှာပြန်သုံးတဲ့ ပုံစံဖြစ်ပါတယ်။ ကြည့်ပါ။ (၁) – (၂) ရက်စက်ကြမ်းကြုတ်မှု။ (၂) – (၃) အလှတရား။ (၃) – (၄) အလှတရား/အမှန်တရား။ (၄) – (၅) မိမိ/ခင်္ဗျား။ လိုင်း (၅) နဲ့ (၆)မှာ ဘာအဆက်အစပ်မှမရှိပါဘူး။ အတွေး သစ်တစ်ခု စ လိုက်တဲ့ပုံပါပဲ။ (၆) – (၇) အနုပညာ။ (၇) – (၈) နာကျင်မှုဝေဒနာ။ (၈) – (၉) အမြော်အမြင်။ လိုင်း (၉)နဲ့ (၁၀) မဟုတ်ဘူး။ (၁၀) – (၁၁) ဇိမ်ခံပစ္စည်း/စည်းစိမ်။ (၁၁) – (၁၂) စည်းစိမ်/ဆင်းရဲသား။ (၁၂) – (၁၃) စိတ်ကူးအိပ်မက်။ (၁၃) – (၁၄) သွေးသား/အရေပြား။ (၁၄) – (၁၅) စိတ်ကူးစိတ်သန်း။ (၁၅) – (၁၆) တစ်ဖြတ်စ/ဖြတ်စတစ်စ။

အပိုဒ် (၂) မှာ (၁၇) – (၁၈) တိတ်ဆိတ်မှု။ (၁၈) – (၁၉) ကြယ်။ (၁၉) – (၂၀) ပျော်ဝင်/ပျော်ကျ။ (၂၀) – (၂၁) မိမိ/မိမိ အတ္တ။ (၂၁) – (၂၂) ထောင့်။ (၂၂) – (၂၃) ဆောင်းရာသီ။ လိုင်း (၂၃) နဲ့ (၂၄) မှာ ဘာအဆက်အစပ်မှမရှိပါဘူး။ (၂၄) – (၂၅) ငှက်။ (၂၅) – (၂၆) တေးသီ/သံစဉ်/သီဆို။ (၂၆) – (၂၇) မရဏ။ (၂၇) – (၂၈) စစ်ပွဲ။

အပိုဒ် (၃)မှာ (၂၉) – (၃၀) စ။ (၃၀) – (၃၁) ပြီးဆုံး/ပျောက်ကွယ်။ (၃၁) – (၃၂) ပြောင်းလဲ။ (၃၂) – (၃၃) စိတ်ဆန္ဒ/စိတ်။

ဒီလိုချိတ်ဆက်ထားတာတွေကို ထုတ်ပြတဲ့ ရည်ရွယ်ချက်ကတော့ ဖြစ်ကတတ်ဆန်းလုပ်ထားတာမဟုတ်ပဲ စေ့စေ့စပ်စပ်လုပ် ထားတယ်ဆိုတာမြင်စေချင်လို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် အနက် အဓိပ္ပါယ်ချင်း ချိတ်ဆက်မှုမဟုတ်ပဲ စကားလုံးတစ်လုံးနဲ့ ချိတ်ဆက်မှုမျိုး ဖြစ်ပါတယ်။ အနက် အဓိပ္ပါယ်ချင်း ချိတ်ဆက်မှု မျိုးမဟုတ်တဲ့ ဒစ္စဂျန့် တစ်ဗ် Disjunctive နည်းသုံးထားတဲ့အတွက် အနက် အဓိပ္ပါယ် ချိတ်ဆက်မှုမျိုးကိုမှ ကြိုက်တဲ့ ဖတ်သူအတွက် မကြိုက်နှစ်သက်မှု ဖြစ်မှာပါပဲ။ ဒါပေမယ့် ဒီလို ဒစ္စဂျန့်က်တစ်ဗ်နည်းနဲ့ ရေးတဲ့ ကဗျာအမျိုး အစားလည်းရှိသေးတယ်လို့ လွယ်လွယ်ပဲ နားလည်ထားလိုက်ရုံပါပဲ။ လောကမှာလည်း ကိုယ်နဲ့ မတူတာအများကြီးပဲမဟုတ်ပါလား။

ခေါင်းစဉ်အကြောင်းပြန်လှည့်ရင် ခေါင်းစဉ်က အက်ဆေးခေါင်းစဉ်ပုံစံတော်တော်ပေါက်ပါတယ်။ 0n Lyric Poetry `လစ်ရစ်က် ကဗျာနှင့်ပတ်သက်၍´ ဆိုတဲ့ ခေါင်းစဉ်ဟာ လစ်ရစ်က်ကဗျာအကြောင်းတစ်ခုခုဖွင့်ဆိုရှင်းလင်းပြတော့မယ်ဆိုတဲ့ သဘော သက်ရောက်ပါတယ်။သာမန်ရေးလေ့ရေးထ ၊ ဖတ်လေ့ဖတ်ထကဗျာခေါင်းစဉ်မျိုးတော့မဟုတ်ပါဘူး။ ခံစားမှုဦးစားပေးရေးထက် ဆင်ခြင် ယုတ္တိဘက်ဦးလှည့်တဲ့ ခေါင်းစဉ်/ အဓိပ္ပါယ်မျိုးပါ။ တစ်ဖန် ၊ လစ်ရစ်က်ကဗျာလို့အများသိရှိလက်ခံထားတာက ခံစားမှု ဗဟိုပြု ၊ ခံစားမှု လှုံ့ဆွရေးကဗျာမျိုးဖြစ်ပါတယ်။ Expression of feeling or emotion ကို ဦးတည်တာဖြစ်ပါတယ်။ လစ်ရစ်က် ကဗျာရေးဖွဲ့နည်းကို ကြည့်ရင်လည်းခံစားမှုကိုဖြစ်ပေါ်စေတဲ့စကားလုံးအသုံးအနှုံး ၊ အလင်္ကာ ၊ နိမိတ်ပုံတို့ကို တမင်ရွေးချယ်ပြီး အနက် အဓိပ္ပါယ်ပြုလုပ်မှုကို အနှောက်အယှက်မဖြစ်စေတဲ့ တစ်လမ်းသွားရေးနည်းအားဖြင့်အပိတ်ပိုင်းမှာ လင်းပွင့်မှုတစ်ခုခုနဲ့ အဆုံးသတ်တာမျိုးဖြစ်ပါတယ်။ ဒါဟာ ယေဘူယျသဘောကိုပြောတာပါ။ ဒီကဗျာကို ကြည့်ရင် လစ်ရစ်က် ကဗျာလို့ပြောဖို့နည်းနည်းခက်ခဲမယ်ဆိုတာသတိပြုမိပါလိမ့်မယ်။ ကဗျာကိုယ်တိုင်ဟာ လစ်ရစ်က်ကဗျာအမျိုးအစားမဟုတ်ပဲ ခေါင်းစဉ်ကို ဘာဖြစ်လို့ `လစ်ရစ်က်ကဗျာနှင့် ပတ်သက်၍´ လို့တပ်ထားသ လဲဆိုရင် ဖတ်သူကို လစ်ရစ်က်ကဗျာအကြောင်းတစ်နည်းတစ်ဖုံစဉ်းစားကြည့်စေလိုတဲ့ ဆန္ဒလည်းဖြစ်နိုင်ပါတယ်။

ကဗျာထဲမှာ ခံစားမှုဆိုင်ရာစကားလုံးတွေတော်တော်လေးတွေ့ရှိရပါတယ်။ အထူးသဖြင့် ရောမန္တိက အသုံးအနှုံးတွေဖြစ်တဲ့ `အလှတရား´ ၊ `အမှန်တရား´၊ `သေခြင်းတရား´ ၊`ချစ်ခြင်းမေတ္တာ´၊ `စိတ်ကူးစိတ်သန်း´ ၊`အိပ်မက်´၊`ကြယ်ပွင့်´၊`မိမိအတ္တ´၊ `ဆောင်းဦးရာသီ´၊`ငှက်ကလေး´၊`သံစဉ်သီဆို´၊စသည်တို့ဖြစ်ပါတယ်။ ကဗျာထဲမှာ စကားပြောနေသူရဲ့ အသံ voice လည်းပါရှိပြီး ကဗျာထဲက ဇာတ်ဆောင်ဖြစ်တဲ့`ငါ´၊`ကျွန်တော်´၊`မိမိ´ဆိုတာကိုလည်းတွေ့ရပါတယ်။ လစ်ရစ်က်ကဗျာဟာ ရေးသူရဲ့ ခံစားမှုတွေ ထုတ်ဖေါ်ပြတာဖြစ်တယ်ဆိုရင်လည်း ခံစားမှုကို ဘာသာစကားနဲ့ ထုတ်ဖေါ်တာဖြစ်ပါတယ်။ ရှိပြီးသားဘာသာစကားအသုံးအနှုံးတွေကိုပဲ တစ်မျိုးပြောင်းသုံးတာဖြစ်ပါတယ်။ အဲဒါကို အချို့ပညာရှင်တွေက distortion ပုံဖျက်သုံးခြင်းလို့ဆိုပါတယ်။ အထူးသဖြင့်ကဗျာသုံး ဘာသာစကား poetic language ဆိုတာအဲသလို distortion လုပ်ထားတဲ့ အရေးအသားမျိုးလို့ပြောကြပါတယ်။ ကြည့်ပါ ၊ `ကဗျာရဲ့ လျို့ဝှက်ချက်ဟာ ရက်စက်ကြမ်းကြုတ်မှုပဲ´၊`နာကျင်မှုဝေဒနာဟာ အမှောင်ထဲကလာတယ်´၊`ဟောဒီတိတ်ဆိတ်မှုကို ကျွန်တော် အလှဆင်ချင်တယ်´၊`ညနေခင်းထဲပျော်ဝင်နေတဲ့ကြယ်´၊`ထောင့်ကို ချိုးကွေ့လိုက်တာနဲ့ ဆောင်းရာသီဖြစ်သွားတယ်´၊စသည်ဖြင့်။ သာမန်ပြောစကားတွေမဟုတ်ပဲ တင်စားသုံးစွဲတာတွေဖြစ်တယ်ဆိုတာသတိပြုမိမှာပါ။

ကဗျာကို ဘာသာစကားနဲ့ရေးဖွဲ့ပြုလုပ်တာလို့ပြောခဲ့ကြပြီးပါပြီ။ လုံးလုံးလက်မခံရင်တောင်ငြင်းပယ်လို့မရပါဘူး။ ကဗျာကို ဘာသာစကားရဲ့ အထူးပြုလုပ်ချက်လို့လည်းပြောကြတာရှိပါတယ်။ ဒီလိုအထူးပြုလုပ်ချက်တွေထဲမှာ လိုင်းဖွဲ့ပုံ ၊ လိုင်းစီပုံ ၊ လိုင်းချိတ်ပုံ ၊ အသံနဲ့ အနက် `ကစား´ပုံတွေပါရှိပါတယ်။ ကဗျာတစ်ပုဒ်ရဲ့ လိုင်းတွေဘယ်ကလာသလဲ။လွယ်လွယ်ပြောရရင် ကဗျာဆရာဆီကလာ တာပေါ့။ ကဗျာဆရာဆီကလာတဲ့လိုင်းတွေဟာရှိပြီးသား စကားလုံးအသုံးအနှုံးတွေဖြစ်နိုင်သလိုသူ `ထွင်´သုံးတာတွေလည်း ဖြစ်နိုင် ပါတယ်။ ဥပမာ ၊ `ခင်္ဗျားကို ကျွန်တော်ဒါတွေပြောနေတာ/ခင်္ဗျားက သိချင်လို့ပဲပေါ့´၊`ကျွန်တော်ဟာ ဘာစည်းစိမ်ဥစ္စာမှ မရှိတဲ့ ဆင်းရဲ သားဆိုတော့ . . . ´၊ ` တစ်ခုခုက ကျွန်တော့်ကိုပြောနေတယ်´၊ ` ဘာငှက်မှလည်းတေးမသီဘူး´၊` ဒီဥစ္စာကို ဒီလိုစ လိုက်တယ်´ စတာတွေဟာ သာမန်အရပ်သုံးစကားတွေပါပဲ။ ဒါတွေကို အထက်က ပြောခဲ့တဲ့ `ကဗျာဆန်´တဲ့ လိုင်းတွေနဲ့ ရောယှက်ဖွဲ့စည်းပြုလုပ် ထားတာဖြစ်ပါတယ်။ အကယ်၍ရှိပြီးသား သာမန်အရပ်သုံးစကားစာသားတွေကို ကဗျာထဲယူသုံးလို့ရရင် ရှိပြီးသားကဗျာတွေထဲက ကဗျာစာသားတွေကိုကောယူသုံးလို့မရဘူးလား။ ယူသုံးခွင့်မရှိဘူးလား။ ယူသုံးရင်ဘာကြောင့်ယူသုံးသလဲ။ အကယ်၍ရှိပြီးသား ကဗျာ တစ်ပုဒ်ပုဒ်ထဲက လိုင်းတစ်လိုင်းလိုင်းကို အခြားကဗျာတစ်ပုဒ်ထဲယူသုံးရင် quote လုပ်တာ ကိုးကားတာဖြစ်ပါတယ်။ ဘာရည်ရွယ်ချက်နဲ့ ကိုးကားတယ်ဆိုတာလည်းအမျိုးမျိုးရှိမှာပေါ့။ ရေးသူရဲ့ ရည်ရွယ်ချက်နဲ့ ဖတ်သူရဲ့ အနက်ပြန်ခြင်းဟာ ထပ်တူကျချင်မှကျမှာဆိုတော့။ အကယ်၍ကဗျာတစ်ပုဒ်လုံးမှာပါရှိတဲ့ လိုင်းအားလုံးဟာ ကိုးကားချက်တွေပဲဖြစ်တယ်ဆိုရင်ကော။ ရေးသူဆီက တစ်လုံးမှ မပါပဲ ၊ အားလုံးဟာ ရှိပြီးသားကဗျာတွေထဲကလိုင်းတွေပဲဆိုရင်ကော။ ဘယ်လိုပဲပြောပြော ၊ ရေးသူဟာ စိတ်ကြိုက်ရွေးချယ်ရခြင်းနဲ့ ပြန်စီရခြင်း အလုပ်ကိုတော့လုပ်ရပါတယ်။ အဲဒီအလုပ်ဟာ အနုပညာအလုပ်နဲ့ မပတ်သက်ဘူးဘား။ ဒူရှော့မ်ဟာ ပြပွဲမှာ ကျင်ငယ်ပမ်းခွက်ကို ပြသ ခဲ့ပါတယ်။ ဘာဖြစ်လို့ အခြားပစ္စည်းတစ်ခုခုမသုံးခဲ့တာလဲ။ အဲဒီကျင်ငယ်ပမ်းခွက်ကိုသူက `ရေပန်း´လို့အမည်တပ်လိုက်တယ်။ ပီကာဆို ကတော့ စက်ဘီးလက်ကိုင်ကို `နွားသိုး´လို့ နာမည်တပ်လိုက်တယ်။ အဲသလိုမြင်တတ်တာတွေ ၊`အသွင်ပြောင်း´ သုံးတတ်တာတွေ ဟာ အနုပညာမှာ imagination စိတ်ကူးဥာဏ်လို့ခေါ်သလိုcreativity or creative mind လို့လည်းပြောကြတာရှိပါတယ်။ လိုရင်းပြန် ကောက် ရရင် ဒီကဗျာထဲက လိုင်းအားလုံး ၊ [၁] ကနေ [၃၃]အထိဟာ ကိုးကားချက်တွေပဲဖြစ်ပါတယ်။အဲဒါကို ကာယကံရှင် ကဗျာ ဆရာကိုယ်တိုင်က သူ့ကဗျာအောက်မှာ မှတ်စုလိုမျိုးဖေါ်ပြထားပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။

မှတ်ချက်။ ။ လိုင်းများ၏မူလဇစ်မြစ်

(၁) John Anderson ရဲ့“The Secret of Poetry” မှ

(၂) Paul Hoover ရဲ့ “Poetics” မှ

(၃) Mary Jo Bang ရဲ့ “You Were You Are Elegy” မှ

(၄) Louise Gluck ရဲ့ “The Untrustworthy Speaker” မှ

(၅) Kristin Prevellat ရဲ့ “Dear George Bush” မှ

(၆) Sylvia Plath ရဲ့ “Lady Lazarus” မှ

(၇) Robert Hayden ရဲ့ “The Tattooed Man” မှ

(၈) Randall Jarrell ရဲ့ “90ံNorth” မှ

(၉) Chuang Tzu ရဲ့ ‘Action and Non – action” မှ

(၁၀) Audre Lorde ရဲ့ “Poetry is Not a Luxury” မှ

(၁၁) Amiri Baraka ရဲ့ “Political Poem” မှ

(၁၂) W.B. Yeats ရဲ့ “He Wishes for the Clothes of Heaven” မှ

(၁၃) Frederico Garcia Lorca ရဲ့ “City That Does Not Sleep” (Robert Bly ဘာသာပြန်) မှ

(၁၄) Frank Bidart ရဲ့ “Curse” မှ

(၁၅) William Carlos Williams ရဲ့ “Asphodel, That Greeny Flower” မှ

(၁၆) James Merill ရဲ့ “Lost in Translation” မှ

(၁၇) Linda Gregg ရဲ့ “Winter Love” မှ

(၁၈) W.S. Merwin ရဲ့ “For the Anniversary of My Death” မှ

(၁၉) Archibald Macleish ရဲ့ “Ancestral” မှ

(၂၀) Sylvia Plath ရဲ့ “Fever 103ံ” မှ

(၂၁) Wallace Stevens ရဲ့ “A Rabbit as King of the Ghosts” မှ

(၂၂) Frank O’Hara ရဲ့ “Poem” မှ

(၂၃) John Ashbery ရဲ့ “Vetiver” မှ

(၂၄) Robert Duncan ရဲ့ “My Mother Would be a Falconress” မှ

(၂၅) John Keats ရဲ့ “La Belle Dame Sans Merci” မှ

(၂၆) William Blake ရဲ့ “The Chimney Sweeper” မှ

(၂၇) Weldon Kees ရဲ့ “The Parity” မှ

(၂၈) Lucie Brock – Broido ရဲ့ “Leaflet on Wooing” မှ

(၂၉) Margaret Atwood ရဲ့ “You Begin” မှ

(၃၀) Edna St Vincent Millay ရဲ့ “Ashes of Life” မှ

(၃၁) Jean Valentine ရဲ့ “Actuarial File” မှ

(၃၂) Charles Olson ရဲ့ “The Kingfishers” မှ

(၃၃) Wallace Stevens ရဲ့ “The Well Dressed Man With A Beard” မှ

ဇေယျာလင်း
18 – Dec – 09

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>