ရှောင်မလွဲရေ ၊ ငါတို့ဘယ်မှာတွေ့ကြမလဲ မြေအောက်
ဘူတာရုံတစ်ရုံရုံထဲမှာ ပြေးတမ်းလိုက်တမ်းနဲ့ (အ) တူတူ
ပုန်းတမ်းကစားကြတဲ့ ပိုးဟပ်နီဂိုဏ်းလူသတ်သမားနဲ့
အန္တရာယ်ဆီပဲပြေးနေတဲ့ လုံးလုံးဦးနှောက်မဲ့မိန်းမချောလေးလို
အလင်းကွက်ကြားထဲမှာပဲ လအစင်းကဋေကဋာ သာခဲ့ ၀ါခဲ့
ဝေခဲ့ ကြွေခဲ့ အလဟဿလစဉ် ဥတွေလို (စာဖတ်သူဟာ
ဒီကဗျာရဲ့ ၂၃,၈၃၁ ယောက်မြောက် ဧည့်သည်ဥပေါ့)
ဂန္တ၀င်ပိုးလမ်းမကြီးရဲ့ စကားလုံးလို လင်းနေတဲ့ လခမ်းကွေးမှာ
လုံးလုံးဆုံခဲ့ဖူးကြသလား ဘယ်ရှောပင်းမောလ်ပြုစားမှုကြောင့်
ကိုယ့်ရာဇ၀င်အမှန်ကို အိမ်အပြန်မှာ ထိမ်ချန်ခဲ့ပါသလဲ ဒီမှာ
ကျွန်တော် ခင်ဗျားကို ကလစ် ကလစ် ကလစ်နဲ့ ပုံကြီးချဲ့လို့ရတယ်
လ ပေါ်က ချိုင့်တွေလောက်ကြီးတဲ့ ချွေးပေါက်တွေထဲ ငုပ်ဆင်းနိုင်တယ်
ထို့အတူ ကလစ် ကလစ် ကလစ်နဲ့ အမှုန်လေးဖြစ်သွားအောင်ပေါ့
ဒီနေ့ကိုလည်း ကားလိုက်ပါ ဖြစ်ရပ်မှန်အဖွဲ့အနွဲ့ရဲ့
စာသားပေါ်က အသားပိုတစ်ဝိုက်မှာ ၀ါယာရင်းတွေ ရှော့ဖြစ်နေတယ်
ကမ္ဘာတစ်ခုဟာ ကမ္ဘာတစ်ခုကို ကိုယ်ဝန်ဆောင်ထားတယ်
စနစ်တစ်ခုဟာ ကိုယ်အင်္ဂါအပိုပစ္စည်းတွေပါရှိတဲ့ စနစ်တစ်ခု
မွေးချလိုက်တယ် ကြော်ငြာထဲမှာ ခင်ဗျားကိုလည်း ၆၀%
လျှော့ဈေးနဲ့ ရောင်းလိုက်ပြီး မီးမှိန်မှိန်မှာ ရထားတစ်စင်း
လျှောရောက်လာပြီး ထီးပိတ်လိုက်သလို ရွှစ်ကနဲပြန်ထွက်သွားတယ်
ဒယ်အိုးနဲ့ မဆန့်တဲ့ ၀က်မြေမနင်းသားလေးဟာ
အမွေးချွတ်ထားပြီး ပန်းနုရောင်ဝတ်စုံလေးနဲ့ အသက်ကို အဆုတ်ထဲ
ရေ၀င်မက်သလို စင်္ကြံမှာ ရပ်နေတဲ့ အရိပ်မဲကြီးဟာ ဘုရားသခင်လား
မင်းသားမကယ်ရင် သေဖွယ်ရာသာရှိတဲ့ အနှီမိန်းမချောလေးနဲ့
ကာမ၀ါယမစိုက်ထုတ်ချင်နေသေးသတဲ့ အလိုတူအလိုပါပေါ့
အလိုမတူလည်း ဒီကဗျာကနေ လိုင်းခွဲကြတာပေါ့
ငါ့ခေါင်းကို ငါဖြုတ်ဖို့ ငါဒူးထောက်ချလိုက်တယ်
ပြုတ်လိုက်တာ တစ်ကောင်လုံး အရည်ပျော်ပြီး ကော်ရည်ဖြစ်သွားတယ်
ယောက်ချိုနဲ့ ခပ်လိုက်တော့ ဟာသတန်းလန်းပါလာတယ်
အရည်မပျော်တဲ့ အမြီး
အမှောင်ထဲ ရထားတစ်စီးလာနေသံကို သင်လည်းကြားမှာပေါ့
မလုံ့တစ်လုံဘူတာရုံလေးဟာ မလင်းတလင်းထောင့်ကွေးထဲမှာ
သွေးပျက်ချောက်ချား သွေးလေမှောက်မှား
ဝေးလေ . . . . . ရောက်သွားတော့တယ်။ ။
ဇေယျာလင်း
၁၁၊ ဇွန်၊ ၂၀၀၉