ငါနဲ့ငါသာနိုင်စရာ / အပြင်မှာ အရမ်းသည်းနေတယ်

ရှင့်ဟာကြီးက အလကားနေရင်း ကြီးနေပါလားတဲ့ ငါ့မာန ငါ့မာနကို ပြောတာ
အသိအရွယ်ကို အားတိုးဆေးကျွေးကြည့်တယ် နောက်ဆက်တွဲဂယက်ကတော့
နေရင်းထိုင်ရင်း တစိမ့်စိမ့်ထွက်နေတဲ့ စိတ်ဓါတ်ကျမှုတွေ
ဘာကိုလည်းမသိဘူး အော်တော့အော်ရယ်ပစ်လိုက်တယ် ထင်တာပဲ
မျက်မမြင်တိုက်ခေါင်မိုးပေါ်က ဠင်းတသုံးလေးကောင် ထပျံသွားတယ်
`ရိုးရိုးရှင်းရှင်း´ ပြောနေရင်းက ဖွတ်ဖွတ်ဖွတ်ဖွတ်နဲ့ ဓါတ်ဆီကုန်သွားတယ်
`ဟား´ဆိုပြီး အမှောင်ထုကြီးဟာ သူ့ကို ခုန်အုပ်ပစ်လိုက်တယ်
ကိုယ်ခန္ဓာကြီးတစ်ခုဟာ ဘယ်ငါနဲ့ ပျာပျာသလဲကောက်ဖာထေးရသလဲ
ငါချည့်သက်သက်နဲ့ ငါဟာ လုံလုံလောက်လောက်ငါမဖြစ်ရတော့ဘူးလား
မဖြစ်နိုင်တော့ဘူးလား စားပွဲပေါ်က ရင့်မှည့်သီးမွှေးတစ်လုံးလို
အခုတော့ ၊ သပွတ်အူကတစ်ယောက် ဟောင်းလောင်းပေါက်ကတစ်ယောက်
ဘ၀ရဲ့ ပျော်ရွှင်ပွဲဂိတ်ဝမှာ လက်မှတ်ကုန်သွားတဲ့တစ်ယောက်
`ဒီမှာ ၊ ငါ မင်းကိုအမိန့်ပေးနေတယ် ၊ သက်တောင့်သက်သာနေစမ်း´
ဂျိုမ်းစ် ရှိုင်လာ (နျူးယောက်ကဗျာဂိုဏ်း)ပေါ့
သူဒီမှာ ရေးပြနေတာဟာ သူပြောပြသလောက်ပဲဖြစ်တယ် သူဟာ . .
`ဒန်ဒန်ဒန့် ဒန်ဒန်ဒန့် ဒန်ဒန်ဒန်း မိအောင်ဖမ်းစမ်းကွာ´
လိင်ဘ၀မှာလည်း ဈေးမကောင်းပြန်ဘူး သင့်အလှစစ်ကိုပြနိုင်မယ့် ဆီးသီးနှစ်
သုံးတဲ့ဆေးကလည်း တစ်ကိုယ်လုံးလေးပြီးမူးနေတယ် ဘာမှလုပ်မရဘူး
မင်းကို မင်းထင်နေတာကြီးကို လျှော်ဖွတ်နေလှန်း မီးပူတိုက်လိုက်စမ်း
လူသေဦးခွံရိုးကြီးလို မာလို့ လောကကို ဖတ်နေကျအတိုင်းပဲဖတ်လို့
သူများအတွင်းရေးတွေ ခင်ဗျားဖတ်နေတာမဟုတ်ဘူးလား ချောင်းကြည့်ပေါက်
သိပ်အားနေရင်လည်း ကိုင်ထားလိုက် အဲဒီကမ္ဘာကြီးရဲ့ လက်တံ
ကဲ ၊ အခုဘာကောင်းသေးတော့လဲ အိမ်ထောင်ရေးသုခပြည့်ဝချင်လွန်းလို့
ကမ္ဘာ့မီဒီယာလောကတစ်ခုလုံးလည်း အနံ့ရသွားကြပြီ
ခန္ဓာရဲ့ သဒ္ဒါကိုမှန်ကန်စွာ ဘာသာပြန်တတ်သူ များလွန်းနေခြင်း
ဒီထဲ ခင်ဗျားသွားရလာရတာ အဆင်ပြေလား
ခဏခဏရပ်ပြီး စာဖတ်လိုင်စင် ထုတ်ပြ/ ထုတ်ကြည့်ရသလား
ဘယ်လိုဟာကြီးမျိုးထဲမှာ ကိုယ့်ရာသီဥတုလေးကိုပဲ
ကြောင်သေတစ်ကောင်လို ခိုးပွတ်သပ်နေရတာလဲ
သတိထားဦးမှပေါ့ကွာ
စာသားတွေဟာ ကိုယ့်ကိုလည်း မှားဖတ်တတ်ကြတယ်။

ဇေယျာလင်း
၂၉ ၊ မေလ ၊ ၂၀၀၉

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>