ရေလိုက်ရင်းေမကိုက်ရင်း

အဲဒီချောင်းကို ဖြတ်ပြီးမှ နောက်တစ်ခါဖြတ်လည်း ဒီချောင်းပဲ
နောက်တစ်ခါထပ်ဖြတ်လည်း ဒီချောင်းပဲ ဒီချောင်းကိုပဲ ထပ်ထပ်ဖြတ်နေရတယ်။
နေ့စဉ်သုံးဘာသာစကားရဲ့ တောင်ကြားတွေထဲ တစ်နေ့ငါးလုံးပစ်သွင်းရတယ်။
လက်နက်ကြီးကလာတဲ့အသံဟာ ဘယ်အသံနဲ့မှမတူဘူး။
ရင်းနှီးပြီးသားလို့ထင်ရတဲ့ စာသားတွေအပေါ် ၀မ်းလျားထိုးလိုက်ရတာတွေရှိတယ်။
မျှောခေါ်ပြီး ဖြုန်းလိုက်ရတာတွေရှိတယ်။ လျှိုထဲမှာကတော့ မရဘူး။
ကပ်လိုက်ဖြုန်းလိုက်ရတဲ့ အဓိပ္ပါယ်ပြုလုပ်မှုအသစ်အဆန်းတွေ ၊ အရမ်းကာရောတွေ။
ခံမပစ်ရင် ကိုယ့်ကိုမြွေလိုပတ်သွားပြီး အသားထဲစိမ့်ဝင်ပျောက်သွားတယ်။
အနီးကပ်ဆို ကြုံသလိုပဲပစ်ရတာတွေ ၊ သူ့အဓိပ္ပါယ်ပက်ပင်းတိုးမှာ
ဘာအတွက်မှလည်း မရှိတော့ဘူး ၊ ရှိရင်းစွဲတွေသိထားတဲ့ ဘာကဗျာမှလည်း မဟုတ်တော့ဘူး
ပြီး ၊ ကျွန်တော့်နေရာလုပြီး ကျွန်တော့်ကို ကန်ချလိုက်တဲ့ ယခင်အဓိပ္ပါယ်ကြီးရှိသေးတယ်။
ရွှီ . . . ကနဲပဲ ကြားလိုက်ရတယ်။ သူတစ်စစီဖြစ်သွားခြင်းမှာ ကိုယ့်ကိုယ်ကို ၀ပ်ချလိုက်ရတယ်။

အစွဲနင်းမိတဲ့ခြေဆို ဒူးဆစ်ကနေ ခုတ်ပိုင်းပစ်လိုက်ရတယ်။ ဘာသံမှမကြားတဲ့
ဆိုင်လင်ဆာနဲ့ တစ်ဖက်ကလည်း ရှိနေသေးခြင်းတလူလူပေါ့။
အချို့အသုံးအနှုန်းတွေဆို ပစ်ကွင်းသက်သက်ချည်းပဲ။ ဖြစ်လာရင်
ဘာမှမကြောက်တော့ဘူး ၊ ကျောက်တုံးတစ်လုံးလိုပဲ ၊ ဘာမှလည်း မသိတော့ဘူး ၊
ချနေတာပဲ။ ရုပ်ရှင်တွေထဲကလို ဖီလင်လည်း မဟုတ်ဘူး။
တစ်ကြောင်းကနေ နောက်တစ်ကြောင်းဖြတ်တော့မယ်ဆို ကျားကျားကျားပဲ။
အဲဒါ ဘာသာစကားအဆင့် မရောက်သေးဘူး။ သွေးသားရဲ့ အသံ။
ကားကနဲ ကားကနဲပဲ။ အဲဒီအကောင်ဆို ပြောင်းချိန်နေရင်းတန်းလန်း
အကြောင်းအရာတစ်ခြမ်းလုံးဟာ သူ့နဖူးတည့်တည့်ပဲ။
တစ်ယောက်ခါးတစ်ယောက်ချိတ် ၊ အိပ်ရင်းနဲ့ ရေးသွားကြရတယ်။
ရွှေ့ပြောင်းအာရုံတွေက တာဝန်ယူသွားတယ်။
မြို့ကြီးတွေဆိုတာ တောဝက်အတိုင်းပဲ လရောင်ထဲဖြတ်သွားကြတာ။
တကယ်တိုက်ရတဲ့ ဘာသာစကား မရှိတော့ဘူး။
အကြောင်းအရာကြီးတစ်ခုကျသွားရင် အသက်ရှင်ရတာ မတူတော့ဘူး။
ရွာထဲဝင်တော့လည်း အိုနာကျိုးကန်း နိမိတ်ပုံတွေပဲ ကျန်တော့တယ် ၊
သူတို့ရိုးရာအခေါ်တော့ ရှိတာပေါ့။ နေ့စဉ်သုံးဘာသာစကားရဲ့
တောင်ကြောကြီးတွေဟာ ဆည်းဆာမှာလည်း တစ်မျိုးလှတာပဲ။
အဲဒီကနေ ချောင်းပဲခြားတယ်လို့ပြောဖို့ကိုလည်း ချောင်းကိုယ်တိုင်ဟာ
တစ်ကျွန်းပြန်ဖြစ်နေပြန်တယ် ၊ တစ်ရွာတစ်ပုဒ်ဆန်းနဲ့။
အခု ၊ ခါးအထိမြုပ်ပြီးဖြစ်နေတာ လုံးကြီးပေါက်လှ သတင်းဆီလား။
ဟိုဘက်ကမ်းဆိုတာ ပေးထားတဲ့ မြေပုံထဲမှာ မပါရှိဘူး။
အဓိပ္ပါယ်ဆိုတာတွေဟာ ပတ်ဝန်းကျင်မှာ တဖြောက်ဖြောက်ဖြောက်ပဲ။
ဝပ်လိုက်မိတိုင်း နဖူးနဲ့ ၀င်ဆောင့်တာဟာ ငေါက်ကနဲထလာတဲ့
မြေသားစားအဓိပ္ပါယ်စိမ်းတွေ ၊ မြေသားရဲ့ ခြေတံလက်တံတွေ ၊
ပါးစပ်ထဲတိုးဝင်ကြတယ်။

ဇေယျာလင်း
၂၀.၅.၀၉

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>