ရည်ညွှန်းကိုးကားကြတဲ့ ဩဇာအရှိန်အ၀ါလွှမ်းမိုးမှုတွေ
ကြားကပဲ ငါ့တစ်ကိုယ်စာ လျှောဝင်လိုက်တယ်
အမှန်တကယ်ဆက်သွယ်စရာ မဟုတ်တဲ့ ပို့ချမှုစာသား
တောင်းဆိုတာက မကြာမီ စီစဉ်ကျနမှုအခင်းအကျင်း။
သိဖူးသမျှနယ်ပယ်အပိုင်းအခြားတစ်ကြောလုံးပေါ်
ပီတိအဟုန်နဲ့ တောက်ပစွာ ဆင်းသက်ဖို့။
ဒါပေမယ့် အဲဒီဟောင်းနွမ်းတဲ့ အစီအစဉ်ကို
ငါ လက်နဲ့သုတ်လိုက်တယ် ပြီး တိုက်မိဆောင့်မိတော့တယ်
ဒေါသကြီးပြီး သိမ်မွေ့လေးနက်တဲ့ အလေးချိန်လို ဖျော်ဖြေတင်ဆက်မှု။
သိလိုစိတ်ဆူးတွေ ထောင်းလမောင်းထနေတဲ့
ချစ်ခင်သနား စသဖြင့် နောက်ကွယ်ရသက ဒါပေမယ့်လည်း ဆက်စပ်နေတဲ့
တသီးပုဂ္ဂလအိပ်မက် မက်နေတဲ့ ငါ
ဟန်ဆောင်(ရ)မှုရဲ့ ၀ိဉာဉ်ဖွဲ့စည်းပုံနဲ့။ အဲဒါဟာ
ငါဟာ ဘယ်သူဘယ်ဝါပေမယ့် အတွေးနဲ့ နိမိတ်ပုံ ပူးချည်ထားတဲ့
ငါဟာ ဘယ်သူဘယ်ဝါပေမယ့်
အတွေးနဲ့ နိမိတ်ပုံ ပူးချည်ထားတဲ့
ထိုးဇာတ်တွေ ထိုးပြရတာ ထွန်းလင်းပြရတာဟာ လေးနက်ပါတယ်။
ဥပမာပေါ့ ၊ သင့်ပါးစပ်ထဲက စီတတ်သမျှစကားလုံးကမ်းခြေအလျား
အဖျားကနေတင်းတင်းကိုင်ပြီး တစ်မြှောင်းလုံး သုတ်ပစ်ရတာတွေ။
ဦးခေါင်းမရှိ ခြေတံမရှိ အရိုးကွဲစေတဲ့ အေးစက်မှု
(တစ်နည်းအားဖြင့် ငါ့ကိုယ်တိုင်ရေးပုံတူ) ယုယုယယ အာသာငမ်းငမ်း။
တစ်ကိုယ်လုံး ဟုန်းတောက်နေပြီ
ဆာလောင်မှုနဲ့ ပွတ်သပ်
ပြုတ်ပြီးစ ပြည်ကြီးငါးလို ဖြူဖွေးကျစ်လျစ်နေတဲ့ အရေပြား။
အရေပြားတစ်ခုလုပ်ရတာဟာ
နှလုံးသားဝိဉာဉ်နဲ့ ပေါင်းစပ်ဖို့။
ဒါနဲ့ ၊ ခင်ဗျားနဲ့ကျွန်တော် ဘယ်စာသားထဲမှာတွေ့ဖူးကြပါလိမ့်
စကားသံတစ်ခုအဖြစ် သင်ဟာ ဘယ်တော့မှ . . . ။
ဓါတ်ပုံထက်ရုပ်ပြောင်ကမှ ပိုတိကျသလိုတစ်ခုဟာ
ကျွန်တော်တို့ စားပွဲဝိုင်းမှာ အခန့်သားဝင်ရောက်နေရာယူလာတယ်
အကြောအမျှင်တွေ ထောင်းထောင်းနီရဲထနေတဲ့ ငါးတစ်ကောင်
သူ့ဘေးကပန်းကန်ပေါ်မှာ ကိုက်လန်ရဲ့
ကျောရိုးနဗ်ကြောကြီးလို ကိုင်ကြည့်လို့ရတဲ့ ရုပ်ပိုင်းတွေ့ကြုံခံစားမှု။
ကန့်သတ်ချက်နဲ့ စည်းလွတ်ဝါးလွတ်လွန်ကျွံမှုတွေ
အုပ်လိုက်ကျလာကြတယ် အကယ်၍တန်ဖိုးရှိသေးရင်။
အကယ်၍ သင်ဟာမုန်လာဥဖြူဖြူတုတ်တုတ်ကြီးမဟုတ်ရင်ပေါ့။
ဆလပ်ရွက်ထဲသိပ်ထည့်ထားတဲ့ ကိုယ်တွေ့ဖြစ်ရပ်ပုံတိုပတ်စတွေ
သူတစ်မျှင်ငါတစ်ကြောနဲ့ အချိတ်အဆက်မိမိ
သိမ်မွေ့မှုတွေ တူးခြစ်နေအောင်ညှော်နံ့စူး။
ကျွန်တော့်ရဲ့ ဟက်တက်ကွဲဒဏ်ရာပရပွအရေပြားစစ်စစ်နဲ့
သင့်ထိုးဇာတ်အမြှုပ်ထပါးစပ်ကို သုတ်ပေးပါရစေလား။
ဦးမှင်ထိပ်ဖျားမွေးညှင်းလေးတွေ သတင်းသွေးသားပို့ဆက်သလို
တစ်ယောက်နဲ့တစ်ယောက်အရုဏ်ဟာ မကြာမီခင်းကျင်းတော့မယ်
ယုံကြည်ပွတ်သပ်ရင်း သုတ်ပေးရင်း အပြန်အလှန်စားရင်း . . . ။ ။
ဇေယျာလင်း
၁၀-၁-၀၉