ဗရှိုးရဲ့ဖား

တကယ်တော့ ဒီစာသားဟာ မစခင်ကတည်းက ဆုံးပြီးသား။ ဒါပေမယ့် ဒါကို ကျွန်တော် မသိတော့ ဆုံးပြီးသားကို ဒီမှာ ပြန်စလိုက်မိ တယ်။ စ,လိုက်ပြီဆိုမှတော့ အဆုံးထိ တောက်လျှောက်လိုက်ရတော့မှာပေါ့ ဆိုပြီး (ဘယ်သူဆိုခဲ့သလဲတော့မသိ) အခု ဆက်ရေး၊ ဆက်တွေး၊ ဆက်ရေး၊ ဆက်မေး၊ ဆက်တွေး၊ ဆက်ရေးနဲ့ ဘယ်လိုရေစက်လာကြုံမှန်းကို မသိပါဘူး။ သိရင် တစ်ခါတည်း ပြော လိုက်မှာပေါ့။ ဘာလို့ ဆက်ရေးနေတော့မှာလဲ။

ကဲ၊ ဘာပြောမလဲ၊ ပြော။ ပြောပြီးသွားပြီလား။ ပြောပြီးသားလား။ ပြောချင်သေးလား။ ဟုတ်ကဲ့၊ ဘယ်လိုပြောရမလဲပေါ့နော်။ ဘယ်လိုပြောတာဟာ ဘာပြောတာကို ဘယ်လိုပြောစရာဖြစ်စေလဲဆိုတာဟာ ဘယ်သူကနဲ့လည်း ဆိုင်သေးတယ်ဆိုတော့ကာ။ ဘာပဲပြောပြော၊ ပြောစရာဟာ ပြောပုံပြောနည်းမှာ၊ မဟုတ်ဘူး။ ပြောပုံပြောနည်းမှ။ မဟုတ်ဘူး။ ပြောပုံ ပြောနည်းကို။ မဟုတ်ဘူး။ ပြောပုံပြောနည်းရဲ့။ မဟုတ်ဘူး။ ပြောစရာဟာ ပြောပုံပြောနည်း။ ပြောင်းပြန်၊ ပြောပုံပြောနည်းဟာ ပြောစရာ။ ကဲ၊ ဘာပြောချင်သလဲ၊ ပြော။ ပြောဖို့အချိန်ရှိသေးလား။ တစ်ယောက် ပြောခဲ့ဖူးသလို နည်းနည်းစောပြီး၊ သိပ်နောက်ကျသွားခဲ့ပြီလား။ ပြောဖို့ အချိန်လိုသေး လား။ ပြောဖို့ အချိန်ကုန်ပြီလား။ ပြောဖို့အချိန်နဲ့ ပြောတာဟာ အချိန်တစ်ခုတည်း၊ နေရာတစ်ခုတည်းမှာ အချိန်တူ နေရာတူရှိသလား။ ဒါက မမေးလည်းမေးရမည့်မေးခွန်း။ ရှိသလား။ ရှသလား။ မေးလိုက်မိရင် ချဉ်ရှဲရှဲသွားလား။ ရှုပ်ရင်ရှင်းလိုက်၊ ရှိုင်းချင်ရွှိုင်းလိုက်။ ရွှီးမှပဲ။

နတ်ပူးသလို၊ နတ်စီးသလို၊ ဘာသာစကားပူးတာ၊ ဘာသာစကားစီးတာ ကြုံဖူးလား။ မထင်မှတ်တဲ့ အချိန်မှာ ဘာကြောင့် မှန်း ယုတ္တိဟုတ်တိပတ်တိ မရှိသလို ရှိသလိုနဲ့ ၀င်လာပြီး . . .။ `၀င်လာပြီး´။ ၀င်လာရင် မပြီးဘူး။ ၀င်လာရင်စ, တာ။ မဟုတ်ရင် ၀င်လာ ရင် ဆက်တာ။ `ဆားနဲ့ပါဘုရား´ ပြောဖို့ ဆယ့်ရှစ်နှစ်စောင့်ပြီးမှ ဆက်ရသလို။ ၀င်လာရင် မပြီးတာ၊ ပြီးရင် မ၀င်လာတော့ဘူးလား။ တစ်ချို့ဆို ၀င်တာနဲ့ ပြီးတာဟာ တစ်ချိန်တည်း။ အ၀င်ဟာ တာရှည်မခံဘူး။ အခံဟာ လည်း တာရှည်မ၀င်ဘူး။ အခံတစ်ခုခု မရှိရင် ၀င်လို့ကို မရတဲ့  အရပ်ဒေသတွေ၊ နေရာတွေ၊ အတွေးစပေ့စ်တွေ ရှိသေးတယ်။ သိမှု ဆိုင်ရာ စကြ(ဆက်ကြာ) ၀ဠာဗေဒ၏ မရောက် ရှိရသေးသော ကြယ်စုဘာသာစကားသုံး အလင်းနှစ်များ၊ အရံဂြိုလ်များ၊ အမွှာပူးနေလုံး များ။ အဲဒီဘီဒိုနဲ့နံရံကြားမှာ ဘာညပ်နေသလဲ မသိဘူး။ စကြ၀ဠာကြီးတစ်ခုလား။ ၀င်လာပြီလားဟင်၊ ၀င်ပြီလား။ အသိဟာ အခေါက်မှာ ခက်နေပေမယ့် ၀င်လိုက် ရင်တော့ ခပ်နက် နက်ပဲ။ တူးဆွ။ တူး။ ဆွ။ သိပြီလား။ ထိပြီလား။သတိကို လွှတ်ချလိုက်။

ဘာမှမပြောတာဟာလည်း တစ်ခုခုကို တစ်နည်းနည်းနဲ့ ပြောနေတာပဲ မဟုတ်လား။ ဘာပြောချင်တာလဲ။ စာရေးသူ၏ရည် ရွယ်ချက်။ ကဗျာ၏ ရည်ရွယ်ချက်။ အာဘော်။ သီမ။ဆိုလိုရင်း။ ဆိုလိုချက်။ ပန်းတိုင်။စာဖတ်သူ။ ကဗျာဖတ်သူရဲ့ ရည်ရွယ်ချက်ဟာ ဘာပါလဲ။ လာမရည်ရွယ်နဲ့။ ကိုယ်ရည်ရွယ်ချက်နဲ့ကိုယ်နေ။ ရည်တိုင်းလည်း ရွယ်လို့မရဘူး။ ရွယ်တိုင်းလည်း ချက်လို့မရဘူး။ စကားလုံး တစ်လုံးတည်းမှာ အဓိပ္ပါယ်သုံးခု ပူးကပ်နေအောင်ရိုက်သွင်းထားပေမယ့် ပင်အပ်တစ်ချောင်းထိပ်ဖျားမှာ အလွယ်တကူကွာဟသွားကြ တယ်။ ဘာပြောချင်တာလဲ။ ဘာရွယ်တာလဲ။ ဘာအဓိပ္ပါယ်လဲ။ အဲဒီဘာတွေ ဘာတွေ ဘာတွေ။ ဘာတွေနဲ့ ညာမနေနဲ့၊ လျှာရှည်ရင် ခုတ်လိုက်မယ်။ ရုပ်သေးလို ထားရာ ရုပ်သေးလိုနေ၊ ကိုယ်ချည်တဲ့ကြိုး ကိုယ့်ပြန်ရှုပ်လို့ ကိုယ်ရှုပ်တဲ့ခြေရဲ့ အကျိုးတွေဟာ ကိုယ့်ဆီမှာ မက ဘာညာလာဖြစ်။ ပြောချင်တာ အဲဒါလား။ ဟုတ်ကဲ့၊ အဲဒါလည်းပြောချင်ပါသေးတယ်။ ပြောချင်တဲ့ အထဲမှာ အဲဒါလည်းပါပုံရပါ တယ်။ ကျွန်တော်များထောက်လှမ်းကြည့်လိုက်တော့ အနှီပုဂ္ဂိုလ်ဟာ အဲဒါကိုလည်း ပြောချင်နေပုံရပြီး အဲသလိုပြောပုံထဲမှာလည်း နေချင်နေပုံရပါတယ်။ `ရပါတယ်´၊ `ရပါတယ်´၊ ဘာရမှန်းမသိဘူး။

ဘာကနေ ညာ၊ ညာကနေ လိမ်၊ လိမ်ကနေ လိင်။ လိင်ကိစ္စဟာ လိမ်ညာမှုတစ်မျိုးပဲ။ မိမိကိုယ် မိမိလိမ်၊ သူ /သူမကို လိမ်၊  အသိုင်းအ၀ိုင်းကို လိမ်၊ လူအဖွဲ့အစည်းတစ်ခုလုံး၊ ယဉ်ကျေးမှု (တည်ဆောက်ထားမှု)တစ်ခုလုံးကို လိမ်။ ဗြောင်လိမ်။ ပွင့်ပွင့်လင်းလင်း လိမ်။ လိင်စက်ယှက်သလိုလိမ်။ လူအဖွဲ့အစည်းနဲ့ လူရဲ့ လိမ်ခြင်းဟာ လူနဲ့လူ့အဖွဲ့အစည်းရဲ့ အပြန်အလှန် လိင်စပ်ယှက်ခြင်းပဲ။ လိင်စပ် ယှက်ခြင်းမှာ `အပြန်အလှန်´လိုသလား။ `အတူတကွ´လိုသလား။ `တစ်ပြိုင်နက်´လိုသလား။ သတိ၊ သတိ။ `လို´ကိုဝတ်စနှစ်လုံးမ ပေါက်လိုက်နဲ့ ။ လူနဲ့ လူ့အဖွဲ့အစည်းရဲ့ လိင်စပ်ယှက်ခြင်း ဘယ်နှစ်မျိုးရှိသလဲ။ လိင်စပ်ယှက်မှု။ ကာမစပ်ယှက်မှု။ ကာမတဏှာ အာသာ ဖြေမှု။ ကောင်မ မရှိလည်း ကာမရှိရင်ပြီးတယ်။ ဘာပြီးတာလဲ။ ဘာမှမပြီးဘူး။ လုပ်လိုက်ရင် အကုန်ဟာ အစပဲ။ တစ်ကပြန်စတာ မဟုတ်ရင်တောင်မှ တစ်ထောင့်တစ်ညဟာလည်း အစတစ်ခု၊ အစတစ် စပဲ။ အဲသလိုပြောလို့ရလား။ အဲသလိုပြောလို့ရရင် ဘာလုပ်ချင် သလဲ။ `အပြန်အလှန်´လား၊ `အတူတကွ´လား၊ `တပြိုင်နက်´လား၊ ဘာအဓိပ္ပါယ်လား။ သူရုတ်တရက် ခရီးထွက်သွားပါတယ်၊ အလုပ် ကိစ္စဆိုလားပဲ။

မူလလိုလို အဓိပ္ပါယ်တွေ၊ မူလအဓိပ္ပါယ်လိုလိုတွေ၊ အလျှိုလျှိုထွက်ခွာသွားပြီးကြတဲ့ ကမ္ဘာကြီးမှာ ခေတ်မှီပစ္စည်းခနော်နီ၊ တက္ခနော်လော်ဂျီ ထော်လာဂျီနဲ့ပဲ ရင်ထဲ၊ ခေါင်းထဲ၊ ရင်ခေါင်းထဲ၊ (ဖင်ခေါင်းထဲ)၊ ၀င်ထွက်သွားလာစားသောက်နေထိုင်ပြုလုပ်ဖျက်ဆီး ရှင်သန်သေကြေ မှန်မှန်မှားမှား စံမှီစံလွဲ စံချိန်တင် စံချိန်လျော့ စံချိန်ပျက် စံရှားတင် စုံထောက်ဦးစံရှားလိုစံရှားရတဲ့ကြား နေရာတာက ဒိန်းဒေါင်နဲ့။ ဒေါင်းနင်းလမ်းမှာ ဒေါင်းမင်း ကခဲ့ဖူးပေမယ့် အလောင်းမင်းတရားဟာ တစ်ဖက်မှာတရားပြီး အခြားတစ်ဖက်မှာ မတရားတာ ကိုလည်း တရားသောအားဖြင့် စေ့စပ်လို့မရတာကိုလည်း မမေ့အပ်ဘူးကွယ်တို့ရဲ့။

သမိုင်းဟာ စီးပြီးသိပ္ပံဟာ ဆန်တယ်။ ဒါပေမယ့် အဲဒါအခြားဇာတ်လမ်းတစ်ပုဒ်။ ဘယ်သူမဆိုဟာ ဇာတ်လမ်းတစ်ပုဒ်ပုဒ်ထဲမှာ ဇာတ်လမ်းလုပ်ပြီး နေထိုင်ကြီးပြင်းသေဆုံးသွားကြတာပဲလေ။ သူတို့ သေဆုံးသွားကြတဲ့အခါ ၀င်ကစွပ်တွေဟာ သူတို့ကျန်ရစ်ခဲ့တဲ့ အခွံတွေထဲ ၀င်ရောက်နေထိုင်ကြတယ်။ ဟောဟိုမှာ၊ ၀င်ကစွပ်တစ်ကောင်၊ ရေဖွေးဖွေးသဲသောင်ပေါ် ဖြတ်ပြေးပြီး ကဏန်းတွင်းထဲ ခုန်ဆင်းဝင်သွားတယ်။ အဲဒါအတွေး၊ အတွေးရဲ့ အရုပ်။ အတွေးလှုပ်ပုံ။ အတွေးရုတ်ပုံ။ အတွေးအုံ။ ဒီမှာ ခေတ္တလာခိုလှုံ။ ပြီးရင် ဗရှိုးဖားလို . . . ပလုံ ။     ။

၁၂၊ ဇန်န၀ါရီ ၂၀၀၈

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>